Sunday, June 15, 2008

မားမားတစ်လပြည့်အမှတ်တရ

မားမားရေ...

မားမားမရှိတော့တာကိုခုထိသမီးလက်မခံနိုင်သေးဘူးမားမားရယ်။မနက်မိုးလင်းလို့မျက်လုံးဖွင့်မယ်ပြင်တိုင်း
မှာမားမားငယ်ငယ်ကတည်းကအကျင့်လုပ်ပေးထားခဲ့တဲ့သရဏဂုံသုံးပါးကိုအရင်ရွတ်ရတယ်နော်။ဒီအခါတိုင်း
မှာမားမားကိုသိပ်လွမ်းမိတယ်။အရည်တစ်ခုခုသောက်တိုင်း၊အစားအစာတစ်ခုခုစားတိုင်းမှာသရဏံသုံးပါးကို
ရွတ်မိလေတိုင်း၊ဒီလိုအကျင့်ဖြစ်လာအောင်သင်ကြားပေးခဲ့တဲ့မားမားကိုသိပ်သတိရမိလို့သမီးဘာအစာကိုမှ
ကောင်းကောင်းမစားချင်ဘူးမားမားရယ်။သိပ်ကိုစိတ်ဓာတ်ခိုင်မာတဲ့၊ဆိုးဆိုးဝါးဝါးကင်ဆာရောဂါကြောင့်နာ
ကျင်မှုတွေကိုတောင်တစ်ချက်မှမငြီးတတ်တဲ့မားမားလိုမိခင်တစ်ယောက်နဲ့တူတဲ့သမီးတစ်ယောက်သမီးဖြစ်
အောင်ကြိုးစားနေပေမဲ့၊ယိုင်လဲမသွားအောင်ကျင့်ကြံအားထုတ်ခဲ့တဲ့တရားသာရှိနေခဲ့လို့ပါ။သမီးမားမားကို
သိပ်လွမ်းတယ်မားမားရေ။

ဒီနေ့အဖေနေ့တဲ့မားမားရယ်။ငယ်ငယ်ကတည်းကပါးပါးသမီး၊ပါးပါးကိုပဲချစ်တယ်၊မားမားကိုပါးပါးလောက်မ
ချစ်ပါဘူးလို့အမြဲပြောတတ်တဲ့သမီးလေ၊ခုတော့မျက်ရည်တွေနဲ့၊ဘယ်တော့မှပြန်မလာနိုင်တော့တဲ့မားမားကို
မားမားကိုသိပ်ချစ်တယ်မားမားလို့အရူးတစ်ယောက်လိုမားမားကြားအောင်ပြောချင်မိတယ်။(၃)နှစ်လောက်
မတွေ့ရတဲ့သမီးတစ်ယောက်ဟာကင်ဆာကြောင့်ဆရာဝန်ကမရတော့ပါဘူးလို့ပြောနေတဲ့ကြားကပဲ၊မားမား
ကိုသမီးကသေချာမပြုစုပေးနိုင်ခဲ့ဘူးနော်။နောက်ဆုံးသမီးတို့သားအမိတွေတွေ့ကြရတဲ့ရက်ကလေးဟာတစ်
ပတ်ကျော်ကျော်လောက်ပဲရှိပေမဲ့မားမားသမီးကိုစကားတွေအများကြီးပြောသွားခဲ့တယ်နော်။ပြောသမျှစကား
တွေမှာလဲနိုင်ငံအတွက်ဘာသာ၊သာသနာအတွက်သယ်ပိုးဆောင်ရွက်စေချင်တာတွေကြီးပဲနော်။တစ်ခါတုံးက
နင့်လမ်းကိုနင်လျှောက်ငါ့လမ်းကိုငါလျှောက်မယ်လို့မားမားပြောခဲ့တုံးကသမီးသိပ်ကိုဝမ်းနည်းကြေကွဲခဲ့ဖူးတယ်
နော်။အခုတော့တကယ်ပဲကိုယ့်လမ်းကိုကိုယ်လျှောက်ရတော့မယ်မားမားရဲ့။မားမားမရှိတော့တဲ့လမ်းဟာသိပ်ကို
ပူပြင်းနေတယ်။

သမီးစိတ်တွေ၊သမီးရဲ့ကြေကွဲဝမ်းနည်းမှုတွေကိုပုံမှန်ဖြစ်အောင်ပြန်ကြိုးစားနေပါတယ်။အားကိုးစရာမြတ်စွာ
ဘုရားရှင်ရဲ့တရားတော်တွေကိုအားထုတ်ရင်း၊ကြေကွဲမှုတွေကိုဖြေဖျောက်မိတိုင်းမှာသမီးဟာစိတ်ဓာတ်ပျော့ညံ့
တဲ့သမီးလားလို့ခပ်မာမာမေးတတ်တဲ့မားမားစကားသံကိုကြားယောင်လာမိတယ်။မြတ်စွာဘုရားရုပ်ပွားတော်မှ
ပင့်ယူမလာရရင်၊နိုင်ငံခြားကိုမလာဘူးဆိုပြီးခေါင်းမာတဲ့သမီးဆန္ဒကိုဖြည့်ပေးပြီးရအောင်ပင့်ပေးလာခဲ့တဲ့မားမား
ရဲ့ကျေးဇူးကြောင့်သမီးဟာမြတ်စွာဘုရားရှင်ကိုကန်တော့ခွင့်ရနေခဲ့ရတယ်။ဘုရားရှိခိုးပြီးရင်ကြေးစည်ကိုထုပြီးမှ
အမျှဝေတတ်တဲ့သမီးကိုကြေးစည်အကြီးကြီးသယ်လာပေးတတ်တဲ့မားမားကြောင့်သမီးဒီကြေးစည်လေးကိုထုပြီး
အမျှဝေခွင့်ရခဲ့တယ်နော်။ကြေးစည်သံကြားရတိုင်းမှာစီးကျလာတဲ့မျက်ရည်ကိုတော့သမီးမထိန်းနိုင်သေးဘူးမားမား
ရဲ့။

တစ်နေ့တော့သမီးစိတ်ကိုသေချာထိန်းနိုင်ပြီးမားမားဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးကိုဖြည့်ပေးမှာပါမားမားရယ်။
သမီးပြန်လာရင်ဘိုးဘွားရိပ်သာကိုသေချာလုပ်မယ်လို့ပြောတတ်တဲ့မားမားဆန္ဒကိုသမီးဘယ်တော့မှမမေ့ပါဘူး။
တစ်နေ့မှာမားမားဖြစ်စေချင်တဲ့ဘာသာ၊သာသနာအကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့သမီးတစ်ယောက်ဖြစ်လာ
အောင်သမီးကြိုးစားမယ်လို့မားမားကိုဂတိပေးပါတယ်။

မားမားရောက်ရာဘ၀မှာငြိမ်းချမ်းပါစေ။

(မားမားရဲ့တစ်လပြည့်ရက်လေးမှာကျွန်မရင်ထဲမှာခံစားနေရတဲ့အပူတွေ၊ကျွန်မအမေနဲ့စကားသေချာမပြော
လိုက်ရတဲ့အတွက်ရင်နင့်နေအောင်ကြေကွဲခဲ့ရတဲ့ကျွန်မရဲ့ဝမ်းနည်းမှုတွေကိုပြေပျောက်လေမလားရယ်လို့
ကျွန်မမေမေကိုကျွန်မပြောချင်တာလေးတွေကိုကျွန်မလွတ်လပ်စွာလွမ်းခွင့်ရမဲ့ကျွန်မရဲ့ဘလော့လေးကနေ
လွမ်းလိုက်ပါတယ်)

18 comments:

  1. ညီမရေ လူ့ဘ၀မှာ ကြုံကြရတဲ့ ဝေဒနာတွေထဲမှာ မိခင်ကို ဆုံးရှုံးရတဲ့ ဝေဒနာဟာ အနာကျင်ဆုံးပါပဲ။ ညီမပြောခဲ့သလို ဘ၀တူတွေဆိုတော့ ထပ်တူထပ်မျှ နားလည်ခံစားမိပါတယ်ကွယ်။ အကိုလည်း အခုထက်ထိ နာကျင်နေသေးတယ်။ အကိုထင်ပါတယ် - ဒီဝေဒနာမျိုးကတော့ သေရာပါမှာလားလို့။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ ဖြေသာအောင် ကြိုးစားပါ ညီမရေ။ ကိုယ်နဲ့ထပ်တူ နားလည်မယ့်သူတွေ ရှိနေသေးတယ်လို့ တခါတခါ စဉ်းစားကြည့်ပေါ့ ဟုတ်လား-- ငြိမ်းအေးချမ်းမြေ့ပါစေ ညီမရေ။

    ReplyDelete
  2. သူငယ်ချင်းရေ မျက်ရည်တွေဝဲပြီး ဖတ်လိုက်မိတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အမြဲနှလုံးသွင်းနေတဲ့ မေကတော့ တခြားသော သာမာန်လူတွေထက် အများကြီး ပိုဖြေသိမ့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ငြိမ်းချမ်းပါစေ သူငယ်ချင်းရေ...

    ReplyDelete
  3. ဘာဘာ ညာညာ သိတ်မပြောချင်တော့ဘူး။ ထပ်တူ ခံစားရတယ်... မမေရေ...

    ReplyDelete
  4. သူငယ်ချင်းကို နှစ်သိမ့်ဖို့
    အကောင်းဆုံး စကားလုံးကို ရှာမတွေ့ဘူး
    ဒါပေမယ့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်လို့
    ပဲ ပြောပါရစေ.....

    ReplyDelete
  5. This comment has been removed by a blog administrator.

    ReplyDelete
  6. ဘာမှန်းမသိ၊ရည်ရွယ်ချက်မရှိပဲနဲ့လာရေးသွား
    တဲ့commentတစ်ခုကိုဖျက်လိုက်ပါတယ်။ဒီလိုစိတ်
    မကောင်းဖြစ်နေရချိန်မှာဒီလိုပုဂ္ဂိုလ်ရေးထိခိုက်
    စေတာတွေလာရေးတာကိုတအံ့တသြဖြစ်ရပါ
    တယ်။နန္ဒာဟာမိန်းခလေးတစ်ယောက်ပါ။သူ့ကို
    ဒီလိုနစ်နစ်နာနာရေးတာကိုကျွန်မပြင်းပြင်းထန်
    ထန်ရှုံချပါတယ်။အကိုစိုးထက်ကိုဒီလိုရိုင်းရိုင်း
    စိုင်းစိုင်းရေးတာကိုလဲကျွန်မတော်တော်စိတ်ပျက်
    စွာနဲ့ရှုံချလိုက်ပါတယ်။တိုင်းပြည်မှာဒီလောက်
    ပြည်သူတွေဒုက္ခရောက်နေချိန်မှာဘာမဟုတ်တာ
    နဲ့အချိန်ကုန်အရူးထနေသူတွေကိုကျွန်မကမြန်
    မာလူမျိုးတွေလို့မသတ်မှတ်ပါဘူး။သိက္ခာရှိရှိနဲ့
    လူဖြစ်နိုင်ကြပါစေ။

    ReplyDelete
  7. ထပ်တူခံစားရပါတယ်။ဒါပေမဲ့...ပူလောင်လွန်းလို့ ဆက်လက်မဖတ်နိုင်တော့ဘူး။ အကြီးမားဆုံး နှင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါ...ညီမရေ။

    ReplyDelete
  8. အသံတို့ သည်ဖြစ်ပြီး ပျက်သွား ပျောက်သွား ကြပြီပဲ။ဖြစ်စဉ်ကသာ ကြားလိုက်ရပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသော အသံကို သူ့ သဘော အတိုင်း နှလုံးမထားဘဲ အဘယ်ကြောင့် သိမ်းဆည်းပြီး စွဲလမ်းနေရမည်နည်း။အသံသည် ကြားစဉ်ခဏမျှသာ ဖြစ်၏။ ထိုအာရုံကို မိမိက သိမ်းဆည်းထားသည်မှာ မိမိ၏ အမှားသာ။

    ဦးဆန်းလွင်

    ReplyDelete
  9. မမေရေ တကယ့်ကို စိတ်မကောင်းပါဘူး ။
    အမေဆိုတာ လောကမှာ တစ်ခုထဲ ရှိတဲ့ အရာပါ ။ အဲဒီတစ်ခုကို ထာဝရ ဆုံးရှုံးရတဲ့ ခံစားမှု့ကို
    စာနာ နားလည်ပါတယ်ဗျာ ။အမေရဲ့ ဆန္ဒတွေကို ဖြည့်စွမ်းပေးနိုင်တဲ့ သမီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

    ReplyDelete
  10. ဘယ်လိုဖော်ပြရမှန်းမသိအောင် ထပ်တူဝမ်းနည်း ကြေကွဲ မိပါတယ် အစ်မရယ်။

    ReplyDelete
  11. အမရေ... ကျနော် လာလည်တာ နောက်ကျသွားသလို ။ ဆုတောင်းလည်းနောက်ကျသွားပါတယ် ။ အမလို သမီးမျိုးမွေးထုတ်ပေးထားတဲ. အမေ ( အမ ရဲ. အမေ ) ကောင်းရာဘုံမှာ အမ လုပ်ရပ်တွေကို ဂုဏ်ယူနေမှာပါ ။ ထပ်တူ ခံစားရပါတယ် အမ ။

    ReplyDelete
  12. မမရေထပ်တူဝမ်းနည်းသွားပါတယ်။ဖတ်ပြီးမျက်ရည်တောင်
    လည်လာတယ်။

    ReplyDelete
  13. ထပ်တူ ၀မ်းနည်းကြောင်းပါခင်ဗျား

    ReplyDelete
  14. ဗုဒ္ဓဘာသာသမီး ကောင်းတစ်ယောက်ကိုလောကကြီးထဲပေးခဲ့တဲ့၊ ဝေဒနာ ကိုတရားသိ သိတဲ့ ညီမ မိခင် မြင့်မြတ်တဲ့ဘ၀ ကိုရောက်နေမှာ ပါ..

    ReplyDelete
  15. စိတ်ဆင်းရဲစရာများ အမြန်လွင့်ပြယ်ပြီး စိတ်ပျော်ရွင်ဖွယ်ရာများ အမြန်ဆုံးရောက်လာနိုင်ပါစေ မမေ။
    မမေနဲ့ ထပ်တူနီးပါးစိတ်မကောင်းပါဘူး။
    ကျားရို. နော်

    ReplyDelete
  16. မလာတာ ကြာလှ ပျောက်လှချည်လား

    လူပျောက်တာ က ကိစ်စမရှိဘူး အိမ်လခ မပျောက်ဖို့ လိုတယ် ဟတ် ဟတ် ဟတ်
    http://joyful4all.blogspot.com/2008/08/funny-landlord_24.html

    ReplyDelete
  17. ထပ်တူခံစားရပါတယ်ဗျာ၊...........


    ကိုထွေး

    ReplyDelete
  18. ညီမရေ ထပ်တူထပ်မျှခံစားရပါတယ်။ ရတနာသုံးပါးကို အမြဲနှလုံးသွင်း ကောင်းမှုကုသိုလ်တွေ လုပ်ပြီးအမျှအတန်းဝေပေးပြီး ကုသိုလ် လုပ်နိုင်ပါတယ်။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်