Wednesday, June 11, 2008

ချစ်တဲ့တိုင်းပြည်နှင့်ချစ်ရသောပန်းပွင့်ကလေးများ



ရွာလေးနာမည်ကပဒဲကောရွာတဲ့။

မုန်တိုင်းမလာခင်ကတော့ဒီရွာကလေးမှာဒေါ်ရှမ်းမဆိုတဲ့ငွေကြေးချောင်လည်တဲ့အမျိုးသမီးကြီးက
ညဘက်ဆိုရင်လမ်းမီးတွေထိန်နေအောင်ထွန်းပေးထားပြီး၊ကာရာအိုကေ၊ဖဲဝိုင်း၊အရက်ဝိုင်းစုံနေအောင်
ရှိတဲ့စည်ကားတဲ့ရွာကြီးတစ်ရွာရယ်လို့ဆိုကြပါတယ်။အခုတော့လည်းကျိုးတိုးကျဲတဲအမိုးအကာမရှိတဲ့အိမ်
ကလေးတွေနဲ့နွမ်းလျနေတဲ့ရွာသူရွာသားတွေကိုပဲတွေ့နေရပြီး၊တချိန်ကစည်ကားတဲ့ရွာကလေးဆိုတာမယုံ
နိုင်လောက်အောင်ပါပဲ။

ပဲ့တောင်ကြီးပေါ်ကနေဆင်းလိုက်ပြီးပြီးခြင်းမှာကျွန်မလှမ်းတွေ့ရတာကတော့၊မုန်တိုင်းကြောင့်အသက်မ
သေပဲကျန်ခဲ့တဲ့သူတို့တွေကိုပါပဲ။ဖိုးကံကောင်းတွေပဲဓာတ်ပုံရိုက်ကြလို့ပြောသံတွေကြားရပေမဲ့ခရီးလမ်း
တစ်လျှောက်လုံးမှာဘာဓာတ်ပုံကိုမှကျွန်မမရိုက်နိုင်ခဲ့ပါဘူး။ကျွန်မမောင်လေးသူငယ်ချင်းလေးကသာ
ဓာတ်ပုံတွေကိုဂရုတစိုက်မရိုက်ပေးခဲ့ရင်ဘာမှတ်တမ်းမှလဲကျွန်မလက်ထဲမှာရှိနေမှာမဟုတ်ပါဘူး။ဓာတ်ပုံ
တွေကိုရိုက်တဲ့သူကရိုက်ပေးပေမဲ့လည်းပုံလေးတွေကိုပြန်ကြည့်လိုက်တိုင်းမှာရင်ထဲမှာဆို့နင့်နေတာကြောင့်
ပုံတွေကိုကျွန်မဘလော့မှာများများစားစားမတင်ဖြစ်ခဲ့တာပါ။ကျွန်မမြင်ခဲ့ရတဲ့သူတို့တွေရဲ့အပူမျက်နှာ၊သောက
မျက်နှာတွေဟာကျွန်မကိုယ်ကျွန်မမှန်ထဲမှာပြန်ပြန်မြင်နေရသလိုပါပဲ။လောလောလတ်လတ်အမေတစ်ယောက်
ကိုဆုံးရှုံးထားခဲ့ရတဲ့ကျွန်မဟာသူတို့တွေရဲ့သောကတွေကိုကျွန်မရင်ထဲကိုအလုံးအရင်းနဲ့ကြေကွဲဝမ်းနည်းစေ
ပါတယ်။

မထင်မှတ်ပဲကလေးအုပ်စုတွေတန်းစီနေတဲ့ကြားမှာအသက်(၆)နှစ်လောက်ရှိမဲ့ကောင်မလေးတစ်ယောက်ကို
တွေ့လိုက်ရပါတယ်။ကလေးလေးတွေကိုအ၀တ်အစားတွေပေးရင်ကျွန်မကဆိုဒ်မျိုးစုံပါတဲ့အ၀တ်တွေကိုမွှေ
နှောက်ပြီး၊ကလေးတွေနဲ့တော်နိုင်လောက်တဲ့အ၀တ်လေးတွေကိုရွေးယူဖြစ်ပါတယ်။ကောင်မလေးအတွက်
ဂါဝန်လေးတွေ၊အနွေးထည်လေးတွေ၊စကပ်လေးတွေကိုသေချာရွေးပြီးသူလေးလက်ထဲကိုထည့်ပေးလိုက်
တော့ကလေးလေးကအမှတ်မထင်မြေကြီးပေါ်ထိုင်ပြီးကန်တော့ပါတော့တယ်။ရွာတွေမှာသွားလှူတိုင်းကိုယ့်
ထက်ငယ်သူတွေ၊ကြီးသူတွေကဒီလိုပဲထိုင်ထိုင်ကန်တော့ကြတာကိုတွေ့ရတတ်ပါတယ်။တွေ့ရတိုင်းမှာလဲ
ကျွန်မရင်တွေသိပ်နာကျင်မိပါတယ်။မရှိရှာလို့တောင်းစားနေကြရတဲ့ကျွန်မသိပ်ချစ်တဲ့၊ကျွန်မသိပ်မြတ်နိုးတဲ့
မြန်မာပြည်သူပြည်သားတွေကိုတွေ့လိုက်ရတိုင်းမှာ၊ကျွန်မဟာနာနာကြည်းကြည်းခံစားမိရတတ်ပါတယ်။
ကလေးမလေးကိုကျွန်မကမြေကြီးပေါ်ကဆွဲထူပေးရင်းကညီမလေးအားမငယ်နဲ့နော်လို့သူ့လက်ကလေးကို
ကိုင်ပြီးအားပေးနေမိပါတယ်။သူကလေးကတော့ကျွန်မကိုစိုက်ကြည့်ပြီးကျွန်မလုံးဝမထင်မှတ်ထားတဲ့မေးခွန်း
ကိုမေးခဲ့ပါတယ်။ဆရာမ..ဆရာမ..သမီးအမေတကယ်သေသွားတာလားတဲ့။ဒီမေးခွန်းကိုကျွန်မမေမေဆုံး
မှန်းသိရချိန်မှာ၊ကျွန်မဟာအရူးတစ်ယောက်လို့ပဲအထပ်ထပ်မေးခဲ့တာပါ။အခုလိုဖြုန်းကနဲမှာကလေးလေးတစ်
ယောက်ကမျက်ရည်တွေနဲ့မေးလာတော့ကျွန်မကလေးမလေးဘေးမှာထိုင်နေရက်ကတအားငိုမိတာပါပဲ။ဘေးက
ရွာသူရွာသားတွေရော၊ကျွန်မတို့နဲ့ပါလာသူတွေပါအလန့်တကြားဖြစ်သွားကြတာပါပဲ။ကလေးမလေးကိုကြည့်ပြီး
သိပ်သနားရလွန်းလို့ဒီကလေးအကြောင်းကိုသေချာမေးမိပါတယ်။သူ့မိသားစုအားလုံးသေသွားပြီးကလေးမလေး
ကတော့ကောက်ရိုးပုံလေးပေါ်တင်ကျန်ခဲ့တဲ့ကံကောင်းသူလေးပါ။သူကလေးလိုပဲမိဘနှစ်ပါးလုံးမရှိတော့တဲ့က
လေးလေးတွေ၊အမိမဲ့သွားတဲ့၊အဖမဲ့သွားတဲ့ကလေးလေးတွေများစွာကိုကျွန်မတွေ့ရတိုင်းမှာသူတို့တွေအတွက်
ကျွန်မတို့ဘာလုပ်ပေးရမလဲလို့တွေးမိတတ်ပါတယ်။ကလေးလေးတွေအတွက်ပါလာတဲ့အစားအသောက်၊အ၀တ်
အထည်တွေလောက်ထောက်ပံ့ပေးရုံလောက်နဲ့တော့သူတို့အနာဂတ်တွေကိုလှပလာစေမှာမဟုတ်ပါဘူး။

ကျွန်မသွားတဲ့ရွာစဉ်တွေမှာတွေ့ရတဲ့ကလေးလေးတွေဟာမိုးညိုလာရင်၊မိုးလေသံကြားရရင်သိပ်ကိုကြောက်ရှာ
တာကိုတွေ့ခဲ့ရပါတယ်။ကလေးတစ်ချို့ကတော့မိုးရွာသံကြားရင်တုန်နေအောင်ကြောက်ပြီးတစ်နေရာရာမှာငြိမ်
ကုပ်နေတတ်ကြပါတယ်။မျက်ရည်လေးတွေစိုနေတတ်တဲ့ဒီကလေးလေးတွေကိုကျွန်မတို့ဘာလုပ်ပေးကြမလဲ။
ဘိုကလေးမြို့ပေါ်မှာရှိနေတဲ့မိဘမဲ့ကလေးလေးတွေကိုစောင့်ရှောက်ပေးနေတဲ့ဘုန်းတော်ကြီးကျောင်းတစ်ချို့ကို
ကျွန်မရောက်ခဲ့ပါတယ်။လိုအပ်သမျှတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးရင်းကျွန်မစိတ်ဓာတ်ကျစွာတွေ့
ရှိရတာကတော့ကျွန်မတို့အင်အားနဲ့ဘယ်လိုမှကလေးလေးတွေရဲ့အနာဂတ်ကိုမဆိုထားနဲ့၊နေ့စဉ်စားဝတ်နေရေး
အတွက်ပြေလည်အောင်တောင်မှလုပ်မပေးနိုင်ပါဘူး။မိဘမဲ့ကလေး(၂၀၀)လောက်ကိုလက်ခံစောင့်ရှောက်ပေး
နေတဲ့ကျောင်းတစ်ကျောင်းကို၊ကလေးတွေရာပေါင်းများစွာရောက်လာတော့ဘုန်းတော်ကြီးတွေခမျာလဲမတတ်
နိုင်ကြတော့ပါဘူး။ယောင်္ကျားကလေးတွေကို၊ကိုရင်စည်းပေးထားပြီးမိန်းခလေးတွေကိုတော့သီလရှင်လေးတွေ
ဖြစ်ဝတ်ပေးထားကြတာများပါတယ်။ရွာစဉ်တွေကိုမဆိုထားဘိ၊ဘိုကလေးမြို့ပေါ်ကမိဘမဲ့ကျောင်းက၊ကလေး
လေးတွေဟာခြင်ထောင်မရှိ၊စောင်မရှိနဲ့အိပ်ကြရပါတယ်။ညမှောင်မှောင်ကြီးမှာကျွန်မတို့ရောက်သွားတော့
ကြမ်းပြင်မှာအတုံးအရုံးအိပ်ပျော်နေတဲ့ကလေးလေးတွေကိုကျွန်မစိတ်မကောင်းခြင်းကြီးစွာနဲ့တွေ့ခဲ့ရပါတယ်။
မနက်မိုးလင်းရင်တော့ဒီကလေးတွေဟာဈေးမှာ၊လမ်းပေါ်မှာသပိတ်လေးတွေ၊ဆန်တောင်းလေးတွေနဲ့လမ်းဘေး
မှာတောင်းယူနေတာကိုရင်နင့်စရာတွေ့ကြရပါတယ်။တကယ်တော့ဒီကလေးလေးတွေကိုစနစ်တကျနဲ့စောင့်
ရှောက်ပေးဖို့တကယ်လိုအပ်နေတာပါ။အရွယ်အလိုက်ကိုရင်သင်္ကန်းလေးတွေ၊စောင်တွေ၊ခြင်ထောင်တွေကို
ကျွန်မတို့နှစ်ယောက်ကိုခြင်ထောင်တစ်လုံးနှုန်းနဲ့လူစုံအောင်လှူပေးခဲ့ပါတယ်။လူစုံအောင်ဆိုလို့ကျွန်မတို့
ကျောင်းတိုင်းကလူတိုင်းစုံအောင်မပေးနိုင်ခဲ့ကြပါဘူး။

နိုင်ငံတကာသဘောင်္တွေပင်လယ်ဝမှာရောက်နေတယ်တဲ့။ဒီအချိန်တွေမှာကျွန်မတွေ့ရတဲ့သူတို့တွေဟာမျှော်
လင့်ချက်ရောင်ခြည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ပါ။ဒုက္ခသည်တွေကိုသွားရောက်ကူညီနေတဲ့ကျွန်မတို့ကလဲ
တကယ်ပဲလာပြီးတို့ပြည်သူတွေကိုကယ်တော့မဟဲ့လို့မျှော်လင့်ထားခဲ့တာပါပဲ။ခုထိလဲနိုင်ငံတကာကသာတို့ပြည်
သူတွေကိုဝင်ပြီးကူညီရင်သိပ်ကောင်းမယ်လို့မျှော်လင့်မိတာပါပဲ။စစ်အစိုးရအနေနဲ့ဘာမှထိထိရောက်ရောက်အ
ကူအညီမပေးနိုင်လေတော့နိုင်ငံတကာများဝင်ရောက်လာရင်ကျွန်မတို့ပြည်သူတွေကိုပိုများအကူအညီပေးနိုင်
မလားရယ်ပေါ့။တကယ်တော့စစ်အစိုးရဟာနိုင်ငံတကာအကူအညီကိုဘယ်တော့မှလက်ခံဝံ့မယ်မဟုတ်ပါဘူး။
ကျွန်မတို့ရွာတွေကိုရောက်သွားတိုင်းမှာမုန်တိုင်းကိုသေချာမကြေငြာခဲ့တာတွေ၊ထိထိရောက်ရောက်သတိမပေး
ခဲ့တာတွေ၊မုန်တိုင်းပြီး(၃)ရက်လောက်ကြာမှသဘောင်္တစ်စင်းနဲ့တွေ့ကရာလူတွေကိုကောက်တင်ခေါ်သွားတာ
တွေ(မြစ်ပြင်ကျယ်ကနေခုတ်မောင်းပြီးတွေ့သလောက်လူကိုသာတင်ခေါ်သွားတာမျိုးပါ၊ဒဏ်ရာရနေသူတွေ၊အစာ
ရေစာမစားသောက်ရလို့အားအင်ချည့်နှဲ့နေသူပေါင်းများစွာဟာဒီအတိုင်းသေခဲ့ကြရပါတယ်)၊မုန်တိုင်းထပ်လာတာ
သိရက်နဲ့ဒုက္ခသည်တွေကိုသဘောင်္နဲ့အတင်းပြန်ပို့ခဲ့လို့သဘောင်္မှောက်ခဲ့ရတာတွေ၊သေနတ်ပြပြီးအနိုင်ကျင့်ခဲ့တာ
တွေ...စသည်ပေါင်းများစွာအတွက်သူတို့စိတ်မှာကြောက်လန့်နေကြတာပါပဲ။နိုင်ငံတကာက၀င်ရောက်လာခဲ့ရင်
ယုတ်မာပက်စက်တဲ့သူတို့အကြောင်းတွေဟာပိုးစိုးပက်စက်ပေါ်လာတော့မှာမို့ကြောက်လန့်တကြားဖြစ်နေခဲ့ကြ
တာပါ။စစ်အာဏာရှင်တွေဟာဘယ်တုံးကမှတရားသဖြင့်မလုပ်ခဲ့ကြပါဘူး။အခုလိုအပြစ်မဲ့တဲ့ကျွန်မတို့ညီကိုမောင်
နှမတွေသေခဲ့ရ၊ဒုက္ခတွေဝေလို့စားစရာမရှိ့ဖြစ်ပြီးသူတောင်းစားသာသာဘ၀ကိုရောက်နေတာတောင်မှသူတို့ရဲ့
အတ္တကိုဦးစားပေးနေကြတုံးပါပဲ။သူတို့ဒီလောက်ရက်စက်ကြလို့ဒုက္ခရောက်နေကြတဲ့တို့ပြည်သူတွေကများပုန်ကန်
ကြလေမလားရယ်လို့လဲမတွေးလိုက်ကြပါနဲ့။တကယ်တော့ရွာတွေမှာအတိဒုက္ခအကြီးအကျယ်ရောက်နေတဲ့ရွာသူ
ရွာသားတွေဟာစစ်အာဏာရှင်ကိုတော်လှန်ဖို့ဆိုတဲ့အတွေးကိုတွေးဖို့ဝေးလို့၊သူတို့ရဲ့စားဝတ်နေရေးအတွက်နဲ့
သေဆုံးသွားရတဲ့မိသားစုဝင်တွေအတွက်ပဲရင်တနင့်နင့်ဖြစ်နေကြရှာတာပါ။အခုဆိုရင်ပုဂ္ဂလိကအလှူရှင်တွေ
ဟာတော်တော်ပင်ပန်းနေကြပါပြီ။ငွေကြေးအရလည်းကျွန်မတို့ဘယ်လိုမှတောင့်မထားနိုင်ကြပါဘူး။လူမသိ၊သူ
မသိထပ်ထပ်သေနေတဲ့ဒုက္ခသည်တွေအတွက်ကျွန်မတို့ဘာလုပ်ပေးကြမလဲ။ပန်းပွင့်ကလေးတွေမြေပေါ်ဖြုတ်က
နဲကြွေကျသွားတိုင်းမှာကျွန်မတို့မကြွေခင်လိုက်ဖမ်းပေးနိုင်ကြပါ့မလား။ဘာမှကိုမသိတာပါဆိုပြီးငူငူကြီးတွေထိုင်
နေပြီးမျက်လုံးကြီးတွေကြောင်ပြီးကြည့်နေတတ်တဲ့အပြစ်ကင်းစင်ပြီးဖြူစင်တဲ့တောသူတောင်သားတွေကိုကျွန်မ
တို့ဘယ်လိုနည်းလမ်းတွေသုံးပြီးကယ်တင်ပေးကြမလဲလို့ကျွန်မတွေးနေမိပါတယ်။

9 comments:

  1. ဘရာဗို ညီမလေး အရမ်းကောင်းတဲ.ပိုစ်.ပဲ ဖတ်နေရင်းတန်းလန်းနဲ. အတော်ပဲစိတ်မကောင်း ဖြစ်ရတယ် .......

    ညီမလေးကို ကလေးလေး တွေ မေးတဲ.မေးခွန်း မျိုး ဘယ်တော.မှ မဖြေပါရစေ နဲ.လို. အကြိမ်ကြိမ်ဆု တောင်းရင်း .........

    ReplyDelete
  2. ကလေးတွေအတွက်စိတ်ပူပန်ပေးနေတဲ့
    ညီမလေးတစ်ယောက်ရဲ့နာကျင်ခံစားရမှု
    ကိုစာနာမိတယ်ညီမရေ။

    ReplyDelete
  3. မေရေ... ဖတ်ပြီး မျက်ရည်ကျမိပြန်ပါတယ်။ ကလေးလေး ထိုင်ကန်တော့တာလေးရယ်၊ “ဆရာမ”လို့ ရိုးရိုးသားသား ခေါ်ပုံလေးရယ်၊ သမီးအမေတကယ် သေသွားတာလားလို့ မေးတာလေးရယ်... ဘယ်လိုမှ မခံစားနိုင်အောင်ပါပဲ။ နေ့လည်က ပို့စ်ကို ဖတ်ပြီး ဘာလုပ်ပေးနိုင်မလဲ အကြာကြီး ထိုင်စဉ်းစားနေမိတယ်။ အိပ်မက်တွေကတော့ အများကြီးပါပဲ မေရယ်... လက်တွေ့အကောင်အထည် ဖော်နိုင်အောင် ကြိုးစားရမှာပေါ့လေ... ခုချိန်မှာ ဒုက္ခသည်တွေလက်ထဲ အလှူပစ္စည်းထည့်ပေးနိုင်တဲ့ မေ့ရဲ့ဒါနကို အားကျမိသလို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်မိပါတယ်။ ငြိမ်းချမ်းပါစေ သူငယ်ချင်း...

    ReplyDelete
  4. ညီမရယ်... ဘာပြောရမှန်းတောင်မသိတော့ဘူးးး
    အမတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပဲ ကြိုးစားရတော့မယ်
    အတတ်နိုင်ဆုံး နောက်မဆုတ်တမ်းပေါ့ ..
    ရပ်လိုက်လို့ လုံးဝမရတဲ့ အတွက် မရပ်ပစ်ကြပါနဲ့လို့ ဒီကနေအားလုံးကို ပြောပါရစေ..။
    သေးသေးလေးကို ကယ်တင်နိုင်ဦးတော့.. ကယ်နိုင်အောင် ကြိုးစားကြတာပေါ့.. ညီမရယ်..
    မျှော်လင့်ချက်ဆိုတာ ... ဝေးနေသေးပေမဲ့...
    နိုင်သလောက်တော့ လုပ်ကြတာပေါ့...
    မြတ်နိုး

    ReplyDelete
  5. တစ်ယောက်တစ်လက် နဲ့စုပေါင်းကြရင်တော့ ကျနော်တို့ အချို့အ၀က်တော့ ဖြည့်စွမ်းနိုင်မယ်လို့ မျှော်လင့်မိပါသည်။ တက်တက်ကြွကြွ တစ်စုတည်း တစ်စည်းတည်းဖြစ်ဖို့တော့ လိုမယ်လို့ ကျနော်တော့ ထင်ပါသည်။ ပြန့်ကျဲနေလို့ကတော့ ဘာမှ မထိရောက်ပဲ ထမင်းစား ၊ရေသောက်လောက်နဲ့ပဲ လူကြီးတွေ ဘ၀တွေ ၊ အိမ်တွေ ပျောက် ၊ ကလေးတွေ လည်း အနာဂတ်ပျောက် တာပဲ အဖတ်တင်မယ်ထင်ပါသည် ခင်ဗျာ။

    ReplyDelete
  6. အစ်မအတွက် ဂုဏ်ယူမဆုံးပါ...

    ReplyDelete
  7. ဤပိုစ့်လေးကို ကျွန်တော့်အိမ်၏ စွယ်စုံဂျာနယ် - အမှတ် ၂ တွင် အမြည်းပေးကာ ဒီလိပ်စာသို့ ပြန်လည် ညွှန်းထားကြောင်း အသိပေးအပ်ပါသည်။

    ReplyDelete
  8. ထပ်တူခံစားပြီး ဖတ်သွားပါတယ်။

    ReplyDelete
  9. ရေးထားတာ ဖတ်ရင်းနဲ့ အရမ်းစိတ်မကောင်း ဖြစ်မိတယ်

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်