Monday, May 19, 2008

ကဆုန်လပြည့် ဗုဒ္ဓနေ့


ကဆုန်လပြည့်နေ့သည် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရာနေ့ ဖြစ်ပါသည်။ ညောင်ရေသွန်းပွဲကျင်းပသည့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထို့ပြင် ဤနေ့၌ပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်တရ နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။
ကဆုန်လသည် နွေရာသီဖြစ်၍ “တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် “ ဟူသောစကားနှင့်အညီ အလွန်ပူအိုက်သောကာလ ဖြစ်ပါသည်။ မဟာတုလမင်းကြီး၏ ဆယ့်နှစ်ရာသီဖွဲ့လွမ်းချင်းများမှ ကဆုန်လဖွဲ့တွင်ပင် ဤသို့ ဖွဲ့ဆိုထားပါသည်။
" မြူခြေငယ်စွန်းပါလို့
နေ၀န်းငယ် စက်ရှိန်
တောက်လောင်ငယ် ထိန်သည်
ဖန်သူရိန် တေဇာကြောင့်
ပူဗျာပါ ကဲတဲ့လကိုလေး။ "
ထို့ကြောင့် ဤအချိန်ကာလသည် ရေကန်၊ ချောင်းမြောင်းတို့၌ ရေပြတ်သောကာလ ရေခန်းခြောက်သောလ ဖြစ်ပါသည်။ နေ၏အပူရှိန်သည်လည်း အရာရာကို ပူပြင်းခြောက်သွေ့စေပါသည်။
ဤသို့ဖြစ်နေခိုက်တွင် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်၏ ခြေတော်ရင်းကို ရေစင်သွန်းလောင်းပူဇော်ခြင်းဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ကို အလုပ်ကျွေးပြုကြသည်မှာ ဗုဒ္ဓဘာသာမြန်မာတို့၏ မွန်မြတ်သော ဓလေ့တစ်ခုပင်ဖြစ်ပါသည်။
ဤဓလေ့ကိုအကြောင်းပြု၍ "ကဆုန်ညောင်ရေသွန်းပွဲတော်" ဟုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မန္တလေးသူ၊ မန္တလေးသားတို့၏ ဒုတိယမြောက်သင်္ကြန်ဟု ခေါ်ဆို၍ရသောပွဲတော်လည်း ဖြစ်ပါသည်။ ဤသို့ခေါ်ဆိုရသော အကြောင်းအရင်းမှာ မန္တလေးမြို့ ဗောဓိကုန်းရပ်ရှိ ဗောဓိကုန်းဘုရားပရ၀န်အတွင်းတွင် ညောင်ရေသွန်းလောင်းသူ အချင်းချင်းရေပက်ကစားကြသော ပျော်ရွှင်ဖွယ်ဓလေ့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် မန္တလေးသူ၊ မန္တလေးသားတို့၏ တမူထူးခြားသော ပွဲတော်နေ့တစ်နေ့ဖြစ်ပါတော့သည်။

1 comment:

  1. Baw ah, kasagad sa imo maghimo blog. Nalingaw gd ko basa.

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်