Tuesday, May 20, 2008

သေခြင်းဆုံးခြင်းဆိုတာ နိယာမ

သံသရာထဲမှာ ကျင်လည်နေသမျှ သေခြင်းတရားနှင့် နပမ်းလုံးနေကြရတာဟာ အလွန်ကို ၀မ်းနည်းစရာကောင်းပါတယ်။ တစ်ခါတစ်ရံမှာ သေခြင်းတရားက သူတစ်ယောက်ထဲ မလာပဲ ကြံ့ကြံ့ခံဖို့ခက်ခဲစေမယ့် အရာတွေကို အဖေါ်ခေါ်ပြီးလာတတ်သေးတယ်။ သေခြင်းတရားတွေကို ရင်ဆိုင်နိုင်ဖို့ဆိုတာ သောကတွေအတွက် ဖြေဆေးတွေကို အရင်လိုက်ရှာထားရမယ်။ သေသူအတွက် ငိုကြွေးမှုတွေကို ဆင်ခြင်ကြဖို့ကို ပြောနေတာပါ။
တစ်ခါတုန်းက မိခင်တစ်ယောက်ကို “တစ်ဦးတည်းသော သားလေး ၀မ်းနည်းဖွယ်ရာအဖြစ်ဆိုးနဲ့တွေ့ကြုံပြီး သေတာသွားတာတောင် ခင်ဗျား ဘာဖြစ်လို့ မငိုတာလဲ “ လို့ လူတွေက ၀ိုင်းမေးကြတယ်။ “ မခေါ်ပဲ ငါ့ဆီကိုရောက်လာတယ်။ ငါ့ကို မပြောပဲ ထွက်သွားတယ်။ သူ လာခဲ့တုန်းကလိုပဲ အခုထွက်သွားပြီ။ ဘာလုပ် ငိုကြွေးနေရမှာလဲ။ ငိုကြွေးနေလို့ ဘာဖြစ်လာမှာလဲ” လို့ သူမက ပြန်ဖြေလိုက်တယ်။

သေဆုံးသူအတွက် ငိုကြွေးတာဟာ လင်နောက်အပြီးလိုက်သွားတဲ့ မယားကို တမ်းတပြီး ငိုကြွေးနေတဲ့ ယောက်ျားအိုတစ်ယောက်နဲ့ တူနေတယ်။ လင်နောက်လိုက်သွားတဲ့ မယားဟာ လင်ငယ်နဲ့ပျော်ချင်ပျော်နေမယ်။ ဆင်းရဲဒုက္ခတွေနဲ့ တွေ့ချင်တွေ့နေမယ်။ ယောက်ျားအိုကို သတိယဖို့အချိန်မရှိဘူး။ သေဆုံးသူနဲ့ ငိုကြွေးသူဆိုတာ အဲ့ဒီသဘောပဲ။
သေခြင်းတရားဆိုတာ ဖြစ်ရိုးဖြစ်စဉ်(နိယာမ) ဖြစ်တယ်။ ငယ်ရာမှ ကြီး၊ ကြီးရာမှ သေ။ အပင်ပေါ်က အသီးနုနုလေးတွေ၊ ရင့်ရင့်လေးတွေ၊ မှည့်မှည့်လေးတွေ ကြွေနေကြသလိုမျိုး လူတွေလည်း ကြီးကြီးငယ်ငယ် မြေပြင်ပေါ်မှာ သေဆုံးနေကြတယ်။
နေ အရှေ့အရပ်က ထွက်ပြီး အနောက်မှာဝင်တယ်။ ပန်းတွေ မနက်ခင်းမှာပွင့်ကြပြီး ညခင်းမှာ ညိုးကြတယ်။ ဒီဖြစ်စဉ်တွေကို သိပြီဆိုရင် သေခြင်းတရားတွေကို ရင်ဆိုင်နိုင်သလို သေခြင်းကြောင့်သောကရောက်နေသူတွေကိုလည်း အငိုတိတ်စေနိုင်ပါတယ်။


2 comments:

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်