Sunday, May 18, 2008

သေဆုံးခြင်းကြောင့် ရူးသွပ်ခြင်းမှ အမြင်မှန်

မြတ်စွာဘုရားရှင်လက်ထက်တုန်းက သေဆုံးခဲ့ကြတဲ့ မိသားစုတွေအတွက် ကြေကွဲ ရူးသွပ်ခဲ့ကြပြီး တရားထူးရခဲ့ကြသူ နှစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ပထမဆုံးတစ်ယောက်ကို လက်ညိုးညွှန်ရရင် ကိသာဂေါတမီပါ။ သူမရဲ့ချစ်လှစွာသော တစ်ဦးသောသားလေး မြွေကိုက်သေရှာတယ်။ သားသေကိုရင်မှာ ပိုက်ပြီး မြတ်စွာဘုရားရှင်ထံ အကူညီတောင်းဖို့ရောက်လာတယ်။ အလွန်ဝမ်းနည်းကြေကွဲဖြစ်နေရှာတဲ့ ကိသာဂေါတမီကို မြတ်စွာဘုရားရှင်က ဖြေဆေးပေလိုက်တယ်။ ဘယ်လိုပေးလဲ။ ချစ်သမီး လူမသေဖူးတဲ့အိမ်တွေဆီသွားပြီး မုန့်ညင်းစေ့ သွားယူနိုင်ရင် ငါဘုရား ချစ်သမီးရဲ့သားကို ရှင်အောင်လုပ်ပေးမယ်လို့ မိန့်တော်မူတယ်။ ကိသာဂေါတမီကလည်း သားဇောနဲ့လိုက်ရှာတယ်။ တစ်အိမ်မှ မတွေ့ဘူး။ ဒါပေမဲ့ သူတို့ကိုတွေတယ်။ အဲ့ဒါက မိသားစုတွေသေဆုံးကြလို့ ငိုကြွေးပြီးသားသူတွေနဲ့ ငိုကြွေးနေကြသူတွေ။ ခါးသည်းတဲ့ အမှန်တရားကို သူမသိလိုက်ပြီ။ အဲ့ဒါက ရှောင်လို့မလွတ်တဲ့ သေခြင်းတရား။

နောက်တစ်ယောက်ကတော့ ပဋာစာရီ။ တိုတောင်းလှတဲ့ အချိန်တွင်းမှာ ကြေကွဲစရာတွေနဲ့ ဆက်တိုက်တွေ့ကြုံခဲ့ရသူ။ သားနှစ်ယောက်သေဆုံးပြီးလို့မကြာ လင်ကလည်းမြွေကိုက်လို့သေပြန်တယ်။ နောက်နာရီပိုင်းအတွင်းမှာပဲ မိဘနဲ့အကိုကလည်း မုန်တိုင်းမိလို့သေပြန်တယ်။ သူမမှာ ဘာမှမရှိတော့ဘူး။ အားလုံးဆုံးရှုံးခဲ့ရပြီ။ ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ နာရီပိုင်းအတွင်းမှာ။ အာရုံပျက်လို့ အသည်းတွေကြွေကုန်ပြီ။ အ၀တ်စားတွေမ၀တ်နိုင်တော့ဘူး။ မြတ်စွာဘုရားကိုမတွေ့ခင်အချိန်ထိ လမ်းမတွေပေါ်မှာ ကိုယ်တုံးလုံးနဲ့ လျှောက်ပြေးနေခဲ့တယ်။ မြတ်စွာဘုရားရှင်က ကြေကွဲမှုတွေကြောင့် ရူးသွပ်နေသူ ပဋာစာရီကို ခေါ်ပြီး ဖြေဆေးပေးတယ်။ “ချစ်သမီး ပဋာစာရီ၊ ယခုလိုမျိုး မိသားစုတွေသေကြေကြလို့ ငိုကြွေးခဲ့တာဟာ ယခုမှမဟုတ်ဘူး။ ဟိုးလွန်းခဲ့တဲ့ဘ၀တွေကတည်းက။ ချစ်သမီးငိုကြွေးလို့ကျခဲ့ရတဲ့ မျက်ရေတွေဟာ ပင်လယ်၊ သမုဒ္ဒရာထဲက ရေတွေထက်များတယ်”လို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ တရားအဆုံးမှာ သေခြင်းတရားကို ပဋာစာရီသဘောပေါက်သွားလေပြီ။

ဒီအထက်ကပြောပြခဲ့ သူတွေဟာ သေဆုံးခြင်းကြောင့် ရူးသွပ်မှုဝေဒနာတွေကို ခံစားခဲ့ကြရတယ်။ အဆုံးမှာ အမြင်မှန်ကိုရခဲ့ကြတယ်။

4 comments:

  1. အစ်မရင်ထဲမှာ ခံစားနေရတာကိုနားလည်ပါတယ်ဗျာ..။ အခုလို အသိပညာကို မျှဝေပေးတဲ့အတွက်လည်း သာဓုခေါ်ပါတယ်...။

    ReplyDelete
  2. မေတစ်ယောက်တော့ အဲဒီလောက်ထိ မဖြစ်အောင် အမြင်မှန် တရားမှန် ကိုသိနေပြီး သားလို့အကိုယုံတယ်..။

    ReplyDelete
  3. ရင်ထဲကဝေဒနာတွေ အမြန်ဆုံးသက်သာပါစေ သူငယ်ချင်းရေ

    ReplyDelete
  4. Well, all I can say is. Im hungry.

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်