Thursday, March 27, 2008

ဒီနေ.ဘာနေ.ဖြစ်သင့်သလဲ

(၆၂)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ.အထိမ်းအမှတ်ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့်
ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်မှ


ခေတ် - တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအတွက် အရေးပါခဲ့ပေမယ့် တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင်အဖ ဆိုတဲ့အဆင့်အထိ မြန်မာပြည်မှာ နေရာယူသင့်တယ်လို့ ဗိုလ်ချုပ်ထင်ပါ သလား။

ဇော - “တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ” ဆိုသောစကားကို ကျနော် ဘယ်တုန်းကမှ မထောက်ခံခဲ့ပါ။ ထိုစကားကို ထွင်သူများမှာ တပ်မတော်ကို အခွင့်ထူးခံအဖြစ် ပြည်သူတွေရဲ့ ခေါင်းပေါ် မှာ ရှိသယောင် ဖန်တီးပြီး အခွင့်အရေးဟူသမျှကို သူတို့သာ ခြယ်လှယ်လုပ်ပိုင်ခွင့်ရှိတဲ့ စစ်အာဏာရှင် စနစ်ကို ဖန်တီးတည်ထောင်ပြီး ဆက်လက်ထိန်းသိမ်းကာကွယ်ချင်၍ ဒီဆောင်ပုဒ်ကို တီထွင်တာဖြစ် ပါတယ်။ တပ်မတော်သည် ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်သာ ဖြစ်သင့်ပါသည်။ “ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ” ဖြစ်သင့်ပါသည်။

အမှန်မှာမူ စစ်အာဏာရှင်စနစ်သည် “တပ်မတော်” ဆိုသည့်စကားကို အလွဲသုံးစားပြုတာသာဖြစ်ပြီး လက်တဆုပ်စာဗိုလ်ချုပ်များ ကောင်းစားရေးကိုသာ လုပ်ဆောင်ခြင်းဖြစ်ပေသည်။

ခေတ် - တပ်မတော်ရဲ့အခန်းကဏ္ဍမှာ ပြည်သူလူထုတရပ်လုံးက တပ်မတော်ရဲ့ဖခင်အဖြစ် လက်ခံ ယုံကြည်ထားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်၊ ဓာတ်ပုံ၊ ဘ၀ဖြစ်စဉ် စတာတွေကိုအထိ လက်ရှိ စစ်အစိုးရက ပိတ်ပင်တားဆီးလာပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်ဖို့အထိ ကြိုးစားလာတဲ့အပေါ်မှာ ဗိုလ်ချုပ်ရဲ့အမြင်သဘောထားလေး သိပါရစေ။

ဇော - ဗိုလ်ချုပ်အောင်ဆန်း၏နာမည်နှင့် အခန်းကဏ္ဍကို မှေးမှိန်ဖျောက်ဖျက်လာသည့် အကြောင်းများ မှာ ကျနော့်အမြင်အရ အဓိကအကြောင်းကြီး နှစ်ရပ်ရှိပါသည်။

ပထမအကြောင်းမှာ ၁၉၈၈ ခုနှစ်မှစလို့ ယနေ့အထိ ပြည်သူတွေဆင်နွှဲနေသည့် စစ်အာဏာရှင် တိုက်ဖျက်ပြီး ဒီမိုကရေစီ ရရှိရေး တော်လှန်ရေးကြီးကို ဦးဆောင်တိုက်ခိုက်နေသူမှာ ဗိုလ်ချုပ်၏သမီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေမှုပါ။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းရှိပြည်သူများ၏ ထောက်ခံမှုကိုသာမက ကမ္ဘာ့ပြည်သူတရပ်လုံး၏ ထောက်ခံမှုကိုပါ ရရှိနေသူဖြစ်သည်။ သူမ ဦးဆောင်သည့် NLD ကလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသဖြင့် နိုင်ငံ၏တရားဝင်ခေါင်းဆောင်နေရာကို ရရှိထားပါသည်။ ထိုအကြောင်းများကြောင့် ဒေါ်အောင် ဆန်းစုကြည်ကို မှေးမှိန်သိမ်ငယ်စေလိုသဖြင့် ဗိုလ်ချုပ်ကို မှေးမှိန်အောင်လုပ်ရခြင်း ဖြစ်ပါသည်။ ဤသည်မှာ ပထမအကြောင်းရင်းဖြစ်သည်။

ဒုတိယအကြောင်းမှာ ယခုလက်ရှိ စစ်တပ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သည့်တပ်ဆိုပြီး ဗိုလ်နေ၀င်းတို့ မဆလ လက်ထက်က ၀ါဒဖြန့်ခဲ့သော်လည်း ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးတွင် ပြည်သူများအမြင်တွင် ဤစစ်တပ်အပေါ် စည်းပြတ်သွားပြီ ဖြစ်ပါသည်။ ယခုလက်ရှိ နအဖဗိုလ်ချုပ် များကလည်း (ဗိုလ်နေ၀င်းတုန်းကလို) ဟန်ဆောင်လိုခြင်းပင် မရှိတော့ပါ။ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းဖြစ်စေချင်သည့် စစ်တပ်အမျိုးအစားကို သူတို့လိုလားခြင်းမရှိပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်အရည်အချင်း တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသည့်စေတနာ စတာများနှင့်လည်း မယှဉ်ပြိုင် မလိုလားနိုင်ကြသဖြင့် ဗိုလ်ချုပ်အမည်ကို မှေးမှိန်ဖျောက်ဖျက်လာခြင်း ဖြစ်ပါသည်။

သို့သော် နအဖဗိုလ်ချုပ်များ၏ ဤသို့သောလုပ်ရပ်သည် သူတို့အတွက် ဆန့်ကျင်ဘက်အကျိုးကိုပဲ ရစေ ပါသည်။ ပြည်သူများ အမြင်တွင် နအဖဗိုလ်ချုပ်များကို ကျေးဇူးတရားမသိတတ်သူ၊ အမြင်ကျဉ်းသူ၊ သေးသိမ်သူများအဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သလို ဖြစ်သွားပါတော့သည်။

ခေတ် - နောက်ပိုင်းမှာ စစ်တပ်က မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့လို့ မသုံးတော့ဘဲ တပ်မတော်နေ့လို့ ပြောင်းလဲသုံးနှုန်းလာပါသည်။ နောင်တနေ့ မြန်မာပြည် စစ်အာဏာ ရှင်စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာတဲ့အချိန်မှာ တော်လှန်ရေးနေ့လို့ ပြန်ပြီးသတ်မှတ်ခေါ်ဝေါ်သင့်ပါသလား၊ ဗိုလ်ချုပ်သဘောထားလေးသိချင်ပါတယ်။

ဇော - မတ်လ (၂၇) ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ပဲ ခေါ်သင့်ပါသည်။ ထိုရက်တွင် ဗမာပြည်သူတရပ်လုံး တညီတညွတ်တည်းအုံကြွပြီး ဖက်ဆစ်ဂျပန်များကို စတင်တော်လှန်ခဲ့၍ ဖြစ်ပါသည်။

၁၉၅၄ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ဗမာ့တပ်မတော်က “တပ်မတော်နေ့” ဟု စတင် အမည်ပြောင်း ခဲ့ပါသည်။ ထိုကာလက တပ်တွင်းဆိုရှယ်လစ်တပ်မှူးများဖြစ်ကြသော ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် စသူတို့သည် ဗိုလ်နေ၀င်းကို တပ်တွင်းဆိုရှယ်လစ်ခေါင်းဆောင်အဖြစ်တင်ပြီး တပ်မတော်ကို လွှမ်းမိုး လာသည့်ကာလ ဖြစ်ပါသည်။

ဤကဲ့သို့ နာမည်ပြောင်းလိုက်ရာတွင် ရည်ရွယ်ချက် ၃-၄ ခု ရှိနိုင်ပါသည်။ တတိုင်းတပြည်လုံး၏ တော်လှန်ရေးကြီးတရပ်လုံးကို တပ်မတော်တဦးတည်းကသာ ၀င်ပြီးတာဝန်ယူသလို ဖြစ်သွားပါသည်။ ဖက်ဆစ်တော်လှန်ရေးတုန်းက ဗမာ့တပ်မတော်က အဓိကအင်အားအဖြစ် ပါဝင်ခဲ့တာဖြစ်သော်လည်း အခုလို တပ်မတော်နေ့လို့ အမည်ပြောင်းလိုက်တာကတော့ တယောက်တည်း နာမည်ကောင်း ၀င်ယူ သလို ဖြစ်သွားပါသည်။

တော်လှန်ရေးကြီးကို ခေါင်းဆောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍကိုလည်း မှေးမှိန် သွားစေလိုဟန်လည်း ရှိပါသည်။

ထို့အပြင် တချိန်က ဆိုရှယ်လစ်တပ်မှူးများက ဂျပန်အကူအညီနှင့် စစ်လျော်ကြေးကိုမျှော်ကိုးပြီး ဂျပန်၏နိုင်ငံရေး၊ စီးပွားရေး လက်ဝေခံသြဇာခံယူနိုင်ဖို့ ဂျပန်ကို မျက်နှာလုပ်လိုသဖြင့်လည်း ဖြစ်နိုင် ပါသည်။

အဓိကအားဖြင့် ဆိုရှယ်လစ်တပ်မှူးများက တပ်မတော်ကို ဗမာပြည်၏ နိုင်ငံရေးပါတီ အင်အားစုကြီး တရပ်အသွင် ဖြစ်လာအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

တကယ့်တပ်မတော်နေ့အစစ်အမှန်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်း ခဲ့သည့်နေ့ပဲ ဖြစ်သင့်သည်။

ထိုနေ့မှာပင် ဗမာအမျိုးသားများ၏ တပ်မတော်ဆိုတာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ထိုနေ့တုန်းက အထက်ပါ ဆိုရှယ်လစ်တပ်မှူးအများစု မပါဝင်ခဲ့ကြသဖြင့် သူတို့က ထိုနေ့ကို အသိ အမှတ်ပြုချင်ပုံမရပါ။

ဆောင်းပါးအစအဆုံးဖတ်ရှူလိုပါက

1 comment:

  1. ဒီနေ့ တော်လှန်ရေးနေ့လို့ခေါ်မှန်း ကျွန်တော် အခုမှသိပါတယ်။ ကျေးဇူးပါ။ ပြီးတော့ ကျွန်တော့် ဘလောခ့်မှာ ကွန်မန့်ရေးပေးသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်