Friday, July 30, 2010

လှူကြပါဦးဗျိုး

အလှူဒါနပြုလုပ်လိုတဲ့ချစ်သောမိတ်ဆွေများကို တကယ်လိုအပ်နေတဲ့နေရာလေးတစ်ခုအကြောင်းမျှဝေ
ပေးချင်ပါတယ်။တတ်နိုင်ရင်မြန်မာပြည်အရပ်ရပ်မှာခုလိုပဲလိုအပ်တဲ့နေရာလေးတွေရှိနေပါကြောင်းနဲ့
တစ်ကျပ်(အမေရိကန်ဒေါ်လာနော်ဟဲဟဲ)တတ်နိုင်ရင်လဲတစ်ကျပ်၊တတ်နိုင်သလောက်နည်းများမဆိုလှူ
ဒါန်းကြပါလို့တိုက်တွန်းနိုးဆော်ပေးလိုက်ပါတယ်။လှူဒါန်းလိုရင်အဆင်ပြေအောင်လိပ်စာနဲ့ဖုန်းနံပါတ်ကို
လဲဘလော့မှာသေသေချာချာထည့်ပေးလိုက်ပါတယ်.။

နေရာကတော့ပဲခူးမြို့က မင်္ဂလာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပါ။

ပဓာနဆရာတော်ကတော့ ဘဒ္ဒ န္တနန္ဒ၀ံသဆရာတော်ဘုရားကြီးဖြစ်ပါတယ်။

တည်နေရာကတော့ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်၊အလင်းရောင်(၁)၊၁၅လမ်းဖြစ်ပါတယ်။

၀၅၂-၂၁၄၆၀၊ ၀၉ ၈၆၅၁၁၁၉ဖြစ်ပါတယ်။

(မဂ်လာရာမအကျိုးဆောင်အဖွဲ့ရန်ကုန်) ၀၁-၅၄၃၄၀၁
ဆက်သွယ်ရန်ကတော့မင်္ဂလာရာမဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း(ပဲခူးမြို့)


၂၀၀၀-၀၁ ပညာသင်နှစ်မှစပြီး အလယ်တန်းဆင့်သို့တိုး မြှင့်ဖွင့်လှစ်ခဲ့ပြီး ယခု(၂၀၀၉၀-၁၀)ပညာသင်နှစ်
တွင်ကျောင်းသား၊ကျောင်းသူပေါင်း(၁၆၆၄)ဦးတို့အား သံဃာ(၃)ပါးနှင့်ဆရာ၊ဆရာမ(၂၆)ဦးတို့မှသင်ကြား
ပေးလျက်ရှိပါတယ်။

ဆရာတော်ကြီးရဲ့မိန့်မှာချက်

မနိုင်ဝန်ဖြစ်လာမည်ကိုစိုးရိမ်လာသော ဒကာတစ်ချို့၏လျှောက်ထားချက်အပေါ်ဆရာတော်ကြီးက"ဘုန်းကြီး
တို့ကတော့ လောကီပညာအတန်းအပြင် လောကုတ္တရာစာပေတွေကိုပါ သင်ကြားပေးနိုင်တဲ့ အခွင့်အရေးရ
တာမို့ ပိုတောင်အားတက်မိသေးတယ်။ဒီကလေးတွေရဲ့ဘ၀တွေဟာ ဒီလိုမှလုပ်မပေးရင် လူဖြစ်ရှုံးလိမ့်မယ်။
ဘုန်းကြီးအနေနဲ့ မနိုင်လို့လွှတ်ချလိုက်ရတာမျိုး မဖြစ်ချင်ဘူး။ဘုန်းကြီးမရှိတော့ရင် ကျန်တဲ့သူတွေ တာဝန်ပဲ
ဆက်မလုပ်ရင်တော့လည်း ဒီကလေးတွေရဲ့ကံပဲလို့မှတ်ရမှာပဲ "ဟုပြန်လည်မိန့်ကြားခဲ့ပါတယ်။


မင်္ဂလာရာမဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းရှိ မရှိနွမ်းပါးသောကလေးငယ်အား ပညာ
သင်ကြားပေးနေသည့် အခြေအနေနှင့် ကလေးငယ်များ၏ ပညာရေး၊လူမှုရေး၊ယဉ်ကျေးမှုဆိုင်ရာ အရည်အ
သွေးများကို မျက်မြင်ကိုယ်တွေ့ မုဒိတာပွား လေ့လာနိုင်ပါကြောင်း ဖတ်ခေါ်အပ်ပါသည်။


အစဉ်တိုးပွားလျက်ရှိသော လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် မလွယ်ကူလှသော်လည်း ဆရာတော်ကြီးအ
နေဖြင့် မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားရပ်တည်လျက်ရှိနေချိန်တွင် စေတနာရှင် ပါရမီရှင်များအနေဖြင့်
မြတ်စေတနာဖြင့် တတ်စွမ်းသမျှ ဒါနပြုနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ 


(ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတွေကို ကျွန်မသိပ်ချစ်မြတ်နိုးပါတယ်။ငယ်ငယ်ကဘုန်းကြီး
ကျောင်းမှာစာမသင်ခဲ့ရတာကို စိတ်မကောင်းတောင်ဖြစ်မိပါရဲ့..။မြတ်စွာဘုရားရဲ့တရားတော်များနဲ့ငြိမ်း
ချမ်းတဲ့အသိတွေအပြင် လောကီစာပေများကိုပါတစ်ခါတည်းသင်ခွင့်ရတဲ့အတွက် ဒီလိုကျောင်းတွေကို
ဦးဆောင်ဖွင့်နေတဲ့ဆရာတော်ကြီးများကို လေးစားစွာဖြင့်ဂုဏ်ယူမိပါတယ်။ဝန်တစ်ခုခုကိုထမ်းထားမိလို့
မနိုင်ရင် ကျွန်မတို့သာမန်လူတွေကလွှတ်ချမိချင်ကြပါတယ်။ဆရာတော်ကြီးကတော့ကြိုးစားပြီးဝန်ကို
ထမ်းဆောင်နေတာမို့ ကျွန်မတို့လဲတတ်နိုင်သလောက်ကူညီလှူဒါန်းကြရအောင် ချစ်တဲ့သူငယ်ချင်း
များကိုနှိုးဆော်လိုက်ပါတယ်။)
့်

Thursday, July 29, 2010

နေပြည်တော်ကအာဏာသိမ်းမှူးသတင်း(Breaking news)

အရေးပေါ်အထူးသတင်းဆိုပြီးထွက်လာပါတယ်။

ဗိုလ်ချုပ်သန်းရွှေတို့၈၄ဦးနေပြည်တော်က ထွက်ခွာသွားကြပြီးတဲ့နောက်မှာ နေပြည်တော်မှာ အစည်းအဝေးတစ်ရပ်ကိုလျှို့ဝှက်ထိုင်ကြ
တယ်လို့သိရပါတယ်။နေပြည်တော်တိုင်းမှူးဝေလွင်က ဗိုလ်ချုပ်မှူးကြီးကိုအိန္ဒိယနိုင်ငံကဒီမိုကရေစီအတိုက်အခံတွေ၊အိန္ဒိယနိုင်ငံသား
တွေဆန္ဒပြနေတာကိုဆွေးနွေးကြတယ်။ဒီနောက်သူတော်စင်မဟတ္တမဂန္ဒီကြီးရဲ့ အုတ်ဂူကို ဆုတောင်းအမျှပေးဝေရာမှာ စစ်ယူနီဖောင်း
နဲ့ဂါဝရမပြုခြင်းအကြောင်းများကို ဆက်ပြီးဆွေးနွေးကြတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုဖိတ်ကြားတဲ့အတွက် စစ်ယူနီဖောင်းနဲ့သာ အခမ်းအနားကို ကြိုဆိုရာမှာ ဒီမိုကရေစီနိုင်ငံက တိုက်ပုံအင်္ကျီ
နဲ့ တက်ရောက်စေတာဟာ ၂၀၁၀ ပြီးရင် သမ္မတသန်းရွှေအဖြစ် နိုင်ငံတကာကိုပါ အသိပေးခြင်းမျိုးလားဆိုပြီး ဝေဖန်ကြတယ်လို့
သိရပါတယ်။
တိုင်းမှူးဝေလွင်က အရင်ဗိုလ်ချုပ်ခင်ညွှန့်လို လက်စောင်းထက်သူဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ဖြစ်
ပါတယ်။အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခြေအနေတွေကို ပြောင်းလဲသွားစေတဲ့ အိန္ဒိယခရီးစဉ်မှာ နိုင်ငံတကာမှာ သိက္ခာကျ
လောက်အောင် ဆန္ဒပြကန့်ကွက်ခြင်းကို ခံရခြင်းအတွက် နေပြည်တော်ကဗိုလ်မှူးတွေကတော်တော်လေး စိတ်ပျက်ကြတယ်လို့သိ
ရပါတယ်။တိုင်းမှူးဝေလွင်ကိုအာဏာသိမ်းဖို့ တိုက်တွန်းကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက၀န်ကြီးဟောင်း မစ္စတာသပ်စင်ရှင်နာဝပ်ကို ကမ္ဘ့ာကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ် အာဏာသိမ်းခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တာမို့ ထိုင်းနိုင်ငံကဗိုလ်ချုပ်တွေနဲ့လဲ ဆက်သွယ်ကမ်းလှမ်းနေတယ်လို့နေပြည်တော်ကလာတဲ့
သတင်းအရသိရပါတယ်။ရန်ကုန်မှာဖြစ်နေတဲ့ပိဋတ်တိုက်ပြသနာကိုလဲဗိုလ်ချုပ်မှုးကြီးက သူလာမှရှင်းမယ် လွှတ်ပေးထားလိုက်ဆိုပြီးအမိန့်
ထုတ်ထားတယ်သိရပါတယ်။ရန်ကုန်မြို့တော်ဝန်ဟောင်းဦးကိုလေးကအာဏာသိမ်းမှုကိုညွှန်ကြားနေခြင်းဖြစ်ပြီးနေပြည်တော်
မှဦးကောင်းမြတ်ဆိုသူလဲပါဝငါနေတယ်လို့သိရပါတယ်။ဦးကောင်းမြတ်ဆိုတာဘယ်သူလဲဆိုတာခုထိစုံစမ်းလို့မရသေးပါဘူး။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)ကလဲ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့မဖြစ်နိုင်သေးလို့ နယ်စပ်တင်းမာမှုဖြစ်နေချိန် အခု
လို အာဏာသိမ်းမှု ပြုလုပ်မဲ့သတင်းတွေကြားနေရတာကြောင့် ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်က နေပြည်တော်သို့
စစ်ကြောင်းများဖြင့်ဆင်းသွားပြီလို့လဲ ကြားရပါတယ်။ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်ဟာနေပြည်တော်တိုင်းမှူးဝေလွင်
နဲ့ခင်မင်ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပဏာစားသူဖြစ်ကြောင်း အခြားစစ်ဖက်ဆိုင်ရာသတင်းရပ်ကွက်များက
ဆိုပါတယ်။အခုဆိုရင် ပြည်သူတွေဟာနေပြည်တော်မှာအာဏာသိမ်းမှုဖြစ်မဲ့အကြောင်းကို အရိပ်အမြွက်သိကုန်နေကြ တပ်မ
တော်အတွင်း ပေါက်ကွဲမှူတွေကြောင့် သွေးထွက်သံယိုမှုများဖြစ်မလားဆိုပြီးစိုးရိမ်နေကြပါတယ်။

တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်ထိကို နေပြည်တော်ကအာဏာသိမ်းမှုသတင်းတွေ ခုချိန်မှာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်မှာပဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၏နေအိမ်အနီးတစ်ဝိုက်မှာ လုံခြုံရေးတွေ ချထားတယ်လို့နိုင်ငံရေးရပ်ကွက်တွေက လာတဲ့
သတင်းအပေါ်ကိုးကားနေကြပါတယ်။ဦးတင်ဦးဟာ အရင်ကကာကွယ်ရေးစစ်ဦးစီးချုပ်တာဝန်ယူခဲ့တာမို့ အခုလိုတပ်တွင်းပုန်ကန်မှု
ဖြစ်ပြီး တိုင်းမှူးဝေလင်းက အာဏာသိမ်းရန် အစည်းပဝေးထိုင်ပြီး ကြိုးပန်းနေခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်စုံ
တစ်ရာဖြေကြားဖို့ ငြင်းဆန်ပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏အိန္ဒိယနိုင်ငံကို ၅ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်းတိုင်းမှူးတွေနဲ့ စစ်တိုင်းမှူးတွေ
ဟာနိုင်င့တကာဖိအားတွေနဲ့ ၂၀၁၀ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေးဆွေးနွေးကြရာမှ အခုလိုတပ်တွင်းပြသနာကြီးထွားသွားရခြင်
ဖြစ်ကြောင်းသတင်းထွက်နေပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကော်မ၇ှင်က နေပြည်တော်ရဲ့တပ်တွင်းပြသနာများကို ပြည်သူတွေနဲ့နိုင်ငံတ
ကာကမရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေငြာတော့မယ်ဆိုပြီး အသံတွေထွက်နေပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့
အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ်တလျှောက်လုံး ဘာမှထုတ်ဖော်မပြောပဲ နေခြင်းကိုကြည့်ပြီးသိနိုင်ပါတယ်။
နေပြည်တော်ကအာဏာသိမ်းရမ်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့သိရပါတယ်။ဒါပေမဲ့တိုင်းမှူးဝေလွင်ကတော့ ယခုအချိန်ထိ နေပြည်တော်မှာလုံခြုံရေးအပြည့်နဲ့နေရာယူထားကြောင်းသိရပါတယ်။

(ကြားသိရတာလေးကို သိစေချင်လို့မျှဝေရုံသက်သက်ပါ..နေပြည်တော်မှာရောက်မနေပါသဖြင့်သတင်းကို
အတည်မပြုပေးနိုင်သေးပါ။သတင်းထူးပါက ထပ်မံပြောကြားပါမည်)

Thursday, July 22, 2010

ချစ်ရတဲ့သူတို့ကိုလွမ်းမိတယ်


နှင်းဝတ်ရည်

ဒီရက်ထဲနေသိပ်မကောင်းတော့အိမ်မှာနားနေတုံး၊ရင်ထဲကစကားလေးတွေကိုဘလော့ပေါ်တင်ချင်နေမိပါရဲ့...။တကယ်တော့ရင်ထဲမှာရေး
စရာတွေက တော်တော်တော့အများသားပါ။နေမကောင်းဖြစ်တာပဲ ကျေးဇူးတင်ရဦးမယ်ထင်ပါရဲ့..။


မနှစ်ကဒီဇင်ဘာလက၊ကျွန်မတို့သားအဖမုံရွာကိုရောက်ခဲ့ပါတယ်..။ကျွန်မဖေဖေကတရားပြပြီးအလှူလှူတတ်လေတော့၊ကျွန်မကလဲအဖေ
သွားလေရာကိုလိုက်ရတာပါပဲ..။ကျွန်မကတော့ပါးပါးကမုံရွာကိုသွားရမယ်ဆိုတော့သွားဖို့ငြင်းမိပါတယ်..။အမှန်တိုင်းပြောရရင်မနှစ်က
(၁၂)လပိုင်းမှာ၊ကျွန်မတော်တော်ကိုစိတ်မကောင်းဖြစ်စရာတစ်ခုကိုကြုံတွေ့နေရချိန်ပါ..။ဒါကြောင့်ဘယ်မှလဲသိပ်မသွားချင်ပါဘူး..။
ဒါပေမဲ့သမီးရယ်..လိုက်ခဲ့ပါ..ဆိုတော့လည်းလိုက်သွားဖြစ်တာပါပဲ..။မန္တလေးကိုလေယာဉ်နဲ့သွားပြီးမှ၊မုံရွာကိုကားနဲ့ဆက်သွားရပါ
တယ်..။မုံရွာရောက်ပြီးတော့ဘုတလင်ကိုဆက်သွားရပြန်ပါတယ်..။ဘုတလင်ကနေရွာလမ်းလေးတစ်ခုကို၊ဆက်သွားပြီးမှလမ်းကကား
လုံးဝဆက်မသွားနိုင်တော့အောင်ဆိုးနေတော့တာပါပဲ..။ရွာလမ်းထိပ်မှာလာစောင့်နေတဲ့ရွာသားတွေကလဲကားဆက်သွားမရလို့အားနာ
စွာနဲ့ယောက်ယက်ခတ်နေတာပေါ့..။ကျွန်မကလဲနေပူပူမှာကားပေါ်ကဆင်းပြီး၊ကားသွားမရတာစောစောကကြိုမပြောထားလို့ဒေါပွနေ
မိတာပေါ့(သူတို့များကြိုပြောထားရင်ဟိုက်စကီးလေးဘာလေးငှားလာလို့ရတာပေါ့..နော့)။သူတို့ကလဲကျွန်မဖေဖေကိုအားနာနာနဲ့
နွားလှည်းစီစဉ်ပါတယ်..။ကျွန်မဖေဖေကလမ်းလျှောက်တာသိပ်ဝါသနာပါလေတော့၊ရွာထဲထိလမ်းလျှောက်မယ်ဆိုတာကြီးပဲပြောနေတော့
ကျွန်မမှာဘုရားတနေရပါတယ်..။လမ်းလျှောက်ရင်(၇)မိုင်လောက်လျှောက်ရတယ်ဆိုတော့မှပဲ၊ကျွန်မဖေဖေကနွားလှည်းစီးဖို့သဘော
တူပါတော့တယ်..။ကျွန်မမှာတော့တစ်ခါမှမစီးဖူးတဲ့နွားလှည်းပေါ်ကနေ၊ဖုန်တထောင်းထောင်းထနေတဲ့ရွာမြင်ကွင်းကိုငေးပြီးဘာမှန်းမ
သိပဲလွမ်းနေမိပါတယ်..။ကြားရွာကလေးတွေကိုဖြတ်သန်းသွားပြီးတော့၊သိပ်မကြာခင်မှာပဲရွာကလေးတစ်ရွာကိုတွေ့ရပါတယ်..ရွာက
လေးနာမည်ကမုံထူးကျေးရွာတဲ့..။
သူတို့ရွာကလေးကတကယ့်သေးသေးလေးပါ။အိမ်ခြေက(၃၆)အိမ်ပဲရှိတာပါတဲ့..။အရင်ကဆိုရင်အိမ်ခြေ(၁၉)
အိမ်ပဲရှိတဲ့ရွာကလေးပါလို့ရွာခံလူကရှင်းပြပါတယ်..။ကျွန်မအရင်ဆုံးမြင်ရတာကတော့တံတားတစ်ခုပါ..။တံတားကအုတ်နဲ့အခိုင်အမာ
လုပ်ထားတာဖြစ်ပြီး၊သူတို့၇ွာသားတွေပဲဝိုင်းဝန်းစုပေါင်းလုပ်အားပေးထားကြတဲ့အကြောင်းကိုလဲပြောပြပါတယ်..။ရွာလမ်းကလဲခပ်ကျယ်
ကျယ်လေး၊ဖြစ်ပြီးတစ်လမ်းလုံးဟာရှင်းသန့်နေတာပါပဲ..။ရွာလယ်လောက်မှအုတ်ကန်အကြီးကြီးတစ်ခုတွေ့ရပြီး၊ရေကိုအကြိုက်လာခပ်လို့ရ
အောင်စီမံထားကြပါတယ်..။နောက်ထပ်ထူးဆန်းတာကတစ်ရွာလုံးမှာဓာတ်တိုင်တွေရှိတာပါပဲ..သူတို့ဘာသာလုပ်ထားတာဖြစ်
တာမို့သစ်သားတိုင်တွေပါပဲ..။တစ်ရွာလုံးကိုလှည်းဖြတ်လာတာခဏလေးပါ..ရွာကလေးကသေးသေးလေးကိုးး.။သူတို့ရွာဘုန်း
ကြီးကျောင်းကိုရောက်တော့ ကျွန်မလန့်သွားမိတယ်..ရွာသေးသေးလေးနဲ့မလိုက်အောင်ခမ်းနားတဲ့ကျောင်းကြီးကိုတွေ့လိုက်ရတာ
ပါ.။တစ်ရွာလုံးမှာသူဋ္ဌေးမရှိပါဘူး..အားလုံးလက်လုပ်လက်စားတွေဖြစ်ကြပြီး ရိုးသားတဲ့အညာသူအညာသားများဖြစ်ကြတဲ့အပြင်
လောဘလဲကြီးကြပုံမရှိပါဘူး..။ရွာကျောင်းကြီးကိုသူတို့လုပ်အားထဲကစုပြီးလှူဒါန်းကြတာပါတဲ့..။ပန်းရံအတတ်တတ်တဲ့သူကသူ့
ရဲ့ပညာကိုလှူပါတယ်..ပန်းပုတတ်တဲ့သူကပန်းပုကိုထုလုပ်ပါတယ်..။ဒီလိုနဲ့ကျွန်မဟာထူးဆန်းတဲ့နေရာလေးတစ်ခုကိုရောက်ရှိခဲ့
ပါတယ်..။

မနက်မိုးလင်းတာနဲ့ တစ်ရွာလုံးကဘုန်းကြီးကျောင်းကဧည့်သည်များဖြစ်တဲ့ကျွန်မတို့စားဖို့သူတို့တတ်နိုင်တာလေးတွေလာပို့ကြပါ
တယ်..ကျွန်မတို့သားအဖကလဲရောက်လေရာမှာ တရားစခန်းတစ်ပတ်လုံးစာအတွက်ဆွမ်းလှူနေကြမို့ သူတို့ရွာကလေးကိုလဲလှူ
ပေးပါတယ်..။သူတို့ကလဲကျွန်မတို့လှူတာထက်ကို စုံအောင်လာလာလှူကြတာပါပဲ..။ကျွန်မကငယ်ငယ်ကတည်းကပဲဆိုရင်ပဲပြုတ်
ကလွဲရင် ဘယ်ပဲမှကိုမကြိုက်တာပါ.။အညာဆိုတော့ ငါတော့နေ့တိုင်းပဲဟင်းစားကြပြီဟဲ့ဆိုပြီး စိတ်များညစ်လိုက်တာအလွန်ပါပဲ..။
ဒါပေမဲ့ပဲကြမ်းသုတ်ကိုတော့ကျွန်မကသိပ်ကြိုက်ပါတယ်..ကျွန်မများတစ်ခုခုကိုကြိုက်ရင် ဘယ်တော့မှမရိုးတတ်ပါဘူး..။မုံထူးမှာ
နေတုံးရက်တွေမှာ ကျွန်မနေ့တိုင်းပဲကြမ်းသုတ်ကိုစားလွန်းလို့ သူတို့ခမျာလဲကျွန်မကိုအံ့သြလို့ပေါ့..။အဲ့လောက်ပဲဟင်းမကြိုက်တဲ့
ကျွန်မဟာတစ်နေ့တစ်နေ့၊သူတို့လာပို့တဲ့ပဲဟင်းမျိုးစုံကို၊ပျော်ပျော်ရွှင်ရွှင်ကြီးကိုစားဖြစ်တာပါပဲ..မျက်လုံးမှိတ်ပြီးဟင်းခတ်လိုက်ပါ..
ပဲကို သင်မလွဲစေရပါလို့ဆိုရလောက်အောင်ပဲမျိုးစုံပါပဲ..။ကျွန်မကပဲဟင်းတွေကိုမကြိုက်ပေမဲ့၊သူတို့ရဲ့ဖြူစင်တဲ့မေတ္တာကိုသိပ်ချစ်တာ
ပါပဲ..မေတ္တာတရားဆိုတာကို သိပ်အလေးအနက်ထားလေတော့..ဟင်းခွက်ကလေးကိုလင်ပန်းနဲ့ တင်ပြီးအပြုံးတွေနဲ့လာတတ်တဲ့
သူတို့ဟင်းတွေကိုကျွန်မမျက်နှာမလွှဲရက်ပါဘူး..။ကျွန်မတို့များသူတို့ဟင်းခွက်ကလေးကိုမခတ်ရင် မျက်နှာလေးတွေညိုလို့ပေါ့..။
တစ်နေ့တစ်နေ့ ဟင်းခွက်ကလေးတွေကို လင်ပန်းနဲ့ပို့နေတဲ့သူကလေးတွေက..ရွာကကလေးလေးတွေပါ..။လူကြီးတွေကတော့
ကျွန်မတို့လှူထားတဲ့ငွေနဲ့ ချက်ကြပြုတ်ကြပေါ့..။မြန်မာပြည်ကရွာတစ်ချို့ကို ကျွန်မရောက်ဖူးပေမဲ့ဒီလောက်ဖြူစင်ရိုးသားတဲ့ရွာက
လေးမျိုးကိုကျွန်မမမြင်ဖူးခဲ့ပါဘူး..။မနက်မိုးလင်းရင်လူတိုင်းဟာ၊ယောဂီတွေအာရုဏ်ဆွမ်းအတွက်လာရောက်ချက်ပြုတ်ကြပါတယ်.။
ယောဂီတွေစားပြီးရင် သူတို့တစ်ရွာလုံးဘုန်းကြီးကျောင်းအောက်က မြေပြင်မှာခုံတွေဝိုင်းဖွဲ့ပြီးစားကြပါရဲ့..။စခန်းရက်သာပြီးသွားပါ
တယ်..ဘယ်သူမှအစားအတွက်ငြင်းခုန်တာမတွေ့မိသလို..ဘယ်သူကမှပိုလို့အိမ်ကိုယူပါဆိုတာတောင်မယူကြပါဘူး..။ဟင်းတွေ
ချက်ပြုတ်ပြီးရင် ကျောင်းအောက်ကစားဖိုချောင်မှာ ဒီတိုင်းပဲအုပ်ထားပေမဲ့..ဘယ်ကလေး..ဘယ်လူကြီးကမှယူမစားကြသလို..
ထမင်းစားကြမယ်ဆိုရင်လဲ..ဦးရီးစားပါ..အဒေါ်စားပါနဲ့..စားကောင်းတာမှန်သမျှကို တစ်ယောက်ပန်းကန်ထဲတစ်ယောက်ပျော်
ပျော်ကြီးထည့်ပေးနေကြတာကိုမြင်ရလေတော့ကျွန်မဖြင့်ထူးဆန်းနေမိပါရဲ့..။ကလေးလေးတွေအားလုံးဘုန်းကြီးကျောင်းမှာလာ
တော့ပေမဲ့ ဘယ်ကလေးကမှလဲယူမစားပါဘူး..။အဆုံးသဖြင့်..ဘုန်းကြီးကျောင်းထဲမှာ ပေါများနေတဲ့ဘယ်ခွေးတစ်ကောင်ကမှလဲ
ဟင်းခွက်တွေကိုမလှန်လှောပါဘူး..။သူတို့မီးဖိုချောင်က ဘုန်းကြီကျောင်းထိပ်မှာဖြစ်ပြီးဘုန်းကြီးကျောင်းထဲဝင်တာနဲ့ မီးဖိုချောင်ကို
အရင်ရောက်တာပါ..။တစ်ရွာလုံးအင်မတန်စည်းကမ်းရှိကြပါတယ်..။
သူတို့ရွာကလေးမှာညတိုင်း ရွာကမိန်းခလေးတွေကပရိတ်ကြီး..ဓမ္မစကြာ..ပဋ္ဌါန်းဒေသနာတော်ကြီး..စသဖြင့်ရွတ်ဖတ်ပူဇော်ကြ
ပါတယ်..။နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ မုံထူးရွာကလေးမှာထန်းရည်ဆိုင်၊အရက်ဆိုင်ဆိုတာလုံးဝမရှိပါဘူး..။တစ်ရွာ
လုံးလူကြီးလူငယ်တွေအားလုံး ဘာသာရေးကိုလေးလေးစားစားရှိကြတာပါပဲ..။

ရွာကလေးမှာထုံးစံအတိုင်းကလေးတွေနဲ့ ကျွန်မကအဖွဲ့ကျတာပါပဲ..။သူတို့လေးတွေကစကားပြောရင် သူတို့ကိုယ်သူတို့ကျုပ်လို့
သုံးတတ်ပါတယ်..။ကျွန်မနားထဲမှာတော့ နည်းနည်းရိုင်းနေသလိုပါပဲ..။ကလေးတွေကို ကျွန်မကလဲကျွန်မစားဖို့သယ်လာတဲ့ရိက္ခာ
တွေကိုထုတ်ကျွေးနဲ့ အရမ်းအဖွဲ့ကျနေတာပေါ့..။ကလေးလေးတစ်ယောက်နာမည်ကနှင်းဝတ်ရည်တဲ့..။ကျွန်မကတော့ချစ်စနိုးနဲ့
နှင်းဝတ်ရည်သောင်းလို့သူ့ကိုခေါ်ပါတယ်..။သူက(၄)နှစ်ပဲရှိပါသေးတယ်..။ရွာရောက်ပြီးတတိမြောက်ရက်မှာနှင်းဝတ်ရည်က
(သူကကျောင်းမတက်ရသေးတော့ တစ်နေကုန်ကျွန်မနားမှာရှိနေတတ်ပါတယ်)ကျွန်မကိုစပြောလာပါတယ်..။ကျုပ်တို့အိမ်ကနီးနီး
လေး..လိုက်လည်ပါတဲ့..။ကျွန်မလက်ကိုသူ့လက်သေးသေးလေးနဲ့တွဲပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်..။လမ်းမှာရွာထဲကအမျိုး
သမီးကြီးတစ်ယောက်က..နှင်းဝတ်ရည်..သမီးအမေမရှိဘူး..ဧည့်သည်ကိုဘာလို့အိမ်ခေါ်သွားမှာလဲ..အားနာစရာ..လို့ပြော
လာတော့..အာဂမလေးကအမေမရှိလဲကျုပ်ရှိတယ်ဆိုပြီး ကျွန်မလက်ကိုဆွဲခေါ်တာပါ..။သူ့အိမ်ကလေးရောက်တော့သော့ခတ်ထား
တာပေါ့..။သူ့ဖေဖေကမန္တလေးမြို့ပေါ်မှာ ရွာကစောင်တွေကိုသွားရောင်းနေတာမို့အိမ်မှာမရှိပါဘူး..။သူကလေးကအိမ်သော့ဘယ်
မှာရှိတယ်ဆိုတာသိပြီး၊သော့တွေဘာတွေဖွင့်ပေးပါတယ်..ပြီးတော့မှအိမ်ရှေ့ကခုံလေးမှာ၊ကျွန်မကိုခဏထိုင်စေပါတယ်..။သူကတော့
ဟိုရှာဒီရှာနဲ့နို့ဆီခွက်တစ်ခုကိုကောက်လာပါတယ်..။ပြီးတော့မှနို့ဆီခွက်နဲ့ဘာပဲမှန်းမသိတဲ့ပဲတစ်ဘူးကိုယူပြီးပြန်ထွက်လာပါတယ်.။
ပြီးတော့မှကျွန်မကိုမမလာဆိုပြီး၊ကျွန်မလက်ကိုဆွဲခေါ်ပါတယ်..။ဘယ်ကိုသွားမှန်းမသိတော့၊ကျွန်မလဲလိုက်လာတာပေါ့..။မုန့်တွေ
ရောင်းတဲ့ဆိုင်ရောက်တော့၊ဆိုင်ရှင်ကိုနို့ဆီဗူးနဲ့ထည့်ထားတဲ့ပဲကိုပေးပြီး၊မမကြိုက်တာစားလို့ပြောပါတော့တယ်..။သူတို့ဓလေ့ကမုန့်
ကိုငွေနဲ့မ၀ယ်ပဲ..ပဲနဲ့လဲတာကိုးး..။ဘာမှမသိတဲ့ကျွန်မမှာတော့ ရယ်ချင်လိုက်တာ..ကလေးသေးသေးလေးတစ်ယောက်ကကျွန်မ
ကိုပဲတစ်ဗူးနဲ့မုန့်ဝယ်ကျွေးနေတာကိုး။ကျွန်မတစ်သက်တာလုံးမှာ မုန့်ကိုပဲနဲ့လဲပြီး ကလေးလေးတစ်ယောက်ဝယ်ကျွေးတာကိုစား
ခဲ့ရတဲ့ခံစားမှုကိုမကြုံခဲ့ဖူးလေတော့ သိပ်ကိုအံ့သြနေမိတာပါ။ကျွန်မလဲဘာမုန့်ယူရမှန်းမသိဘူးကွလို့ဆိုတော့ သူကလေးကပဲမုန့်
နှစ်ခုယူပြီးကျွန်မတစ်ခုသူတစ်ခုယူလာတာပေါ့..ဆိုင်ရှင်တွေကတော့၊ကျွန်မကိုအားနာနေတာပေါ့..။ကျွန်မဖြင့်သိပ်ချစ်စရာကောင်းတဲ့
ကလေးလေးတွေရဲ့မေတ္တာကိုကျက်သီးထမိပါရဲ့..။

သူတို့ကလေးတွေကျောင်းကပြန်လာရင် ကျွန်မအတွက်ဇီးသီးတွေခူးလာ..ပန်းတွေခူးလာကြပါတယ်..။ကျွန်မကလဲသူတို့ကိုမနက်
တိုင်းမုန့်ဖိုးပေးပြီးမှ ကျောင်းသွားခိုင်းတာမို့..သူတို့ကျောင်းသွားခါနီးတိုင်း၊ကျွန်မကိုလာနှုတ်ဆက်ကြပါတယ်..။ထမင်းဗူးနွမ်းနွမ်း
လေးတွေအ၀တ်နွမ်းနွမ်းလေးတွေဝတ်ထားကြတဲ့ သူတို့ကလေးတွေအားလုံးကိုကျွန်မသိပ်ချစ်ရပါတယ်..။ညဘက်ဆိုရင်ရွာလမ်းရဲ့
ခုံတန်းမှာကျွန်မတို့အုပ်စုလိုက်ထိုင်ပြီး၊သူတို့ကကျွန်မကိုသီချင်းဆိုပြကြပါတယ်..။ရယ်ရတာကသူတို့တစ်ရွာလုံးက..ကလေးတွေ
ရတဲ့သီချင်းကဟန်ထွန်းရဲ့..အရင်ကဇာတ်လမ်းလေး..တဲ့..။တစ်ယောက်ပြီးတစ်ယောက်ဒီသီချင်းကိုဆိုပြကြလေရဲ့..။
ညဘက်ဆိုရင်ကျွန်မအမြဲကြည့်တတ်တာာကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကိုပါ..။ကြယ်ကလေးတွေတလက်လက်ကြားကလမင်း
ကြီးကိုကျွန်မကသိပ်ချစ်ပါတယ်..။သူတို့များသီချင်းဆိုရင်တခြားသီချင်းဆိုကြပါလားလို့ပြောမိရင်..ကျုပ်တို့ကဒီသီချင်းပဲရတာ
မမရဲ့လို့ပြောကြပါလေရော..။ကြယ်လေးတွေတလက်လက်ကြားကလရောင်အောက်မှာ၊ဒီသီချင်းသံကြားရတော့ကျွန်မရင်ထဲမှာစိတ်
မကောင်းဖြစ်မိပါရဲ့..။ကလေးလေးတစ်ယောက်ဆိုနေတာကို၊နားထောင်ရင်းကျွန်မမျက်ရည်အလိုလိုကျမိလာတယ်..။မျက်ရည်ကျလာ
တာကိုသိပေမဲ့..ကြယ်တွေကိုငေးကြည့်နေတုံးမှာ..တဟီးဟီးနဲ့အကျယ်ကြီးထပြီးငိုသံကြားရတယ်..နောက်တော့ကလေး(၃)
ယောက်လောက်တပြိုင်တည်းထငိုနေကြတာကိုးး။ကျွန်မမှာလဲအလန့်တကြားထခုန်မိတာပါပဲ..။ဘာဖြစ်တာလဲလို့သူတို့ကိုကပျာ
ကယာမေးမိတယ်..။ဘာကောင်များကိုက်သလဲပေါ့..။ဘာလို့ငိုတာလဲကလေးတို့ရယ်လို့မေးတော့လည်းမမငိုလို့ငိုတာတဲ့..။
ကျွန်မရင်ထဲကိုအင်မတန်ကိုထူးဆန်းတဲ့ရင်ခုန်မှုတစ်ခုစီးဆင်းသွားတယ်..။အဲ့ဒါမေတ္တာပေါ့..။

ကျွန်မသူတို့ရွာကလေးမှာနေတုံးမှာ၊သိပ်စိတ်မကောင်းဖြစ်နေချိန်ဖြစ်နေပေမဲ့..သူတို့လေးတွေ..သူတို့တစ်ရွာလုံးရဲ့ဖြူစင်ရိုးသားလွန်း
တဲ့မေတ္တာကြောင့်ကျွန်မအငိုတိတ်ခဲ့ရတယ်..။ကျွန်မကိုသူတို့ပေးခဲ့တဲ့ဖြူစင်တဲ့သူတို့ရဲ့မေတ္တာကိုကျွန်မတွေးကြည့်ရင်..ခုထိကိုနွေး
ထွေးနေတုံးပါပဲ..။

ကျွန်မတို့မပြန်ခင်တစ်ရက်မှာ၊သူတို့လေးတွေကျွန်မကိုလက်ဆောင်တွေလာပေးကြပါတယ်..ကျွန်မသိပ်ကြိုက်တဲ့ပဲခြမ်းတွေပေါ့..။
နောက်တော့သူတို့ကိုယ်တိုင်ခူးလာတဲ့ဇီးသီးတွေ..ပျားရည်တွေ..နောက်သနပ်ခါးတွေ..။ကျွန်မဖေဖေကတော့သူတို့ကိုကျွန်မနေ
တဲ့အခန်းပေါက်ဝကနေစနေပါတယ်..။ဒါတွေဘဘကိုပေးဖို့ယူလာတာလား..သူတို့လေးတွေကလဲအရမ်းပွင့်လင်းရိုးသားကြပါတယ်
ဘဘအတွက်မဟုတ်ဘူး..မမအတွက်တဲ့..။

ကျွန်မပြန်မဲ့ရက်မှာ၊သူတို့ကျောင်းမတက်ကြပဲခွင့်ယူကြပါတယ်..။နောက်တော့..အားလုံးမျက်ရည်တွေတွေကျလို့ပေါ့..။

ကျွန်မကိုသူတို့ကိုမှာလိုက်ကြပါတယ်..။ကျုပ်တို့ကိုသတိရနေပါတဲ့..။ကျွန်မလဲအမြဲသူတို့ကိုသတိရနေပါတယ်..။သူတို့
ရွာကလေးလို၊ရွာကလေးတစ်ရွာမြန်မာပြည်မှာရှိနေတာကိုကျွန်မအမြဲလွမ်းနေမှာပါလို့ကျွန်မလဲပြောဖြစ်ခဲ့ပါတယ်။ကျွန်မ
အရင်တုံးကစာတွေမှာဖတ်ဖူးပါတယ်..ရွာဓလေ့တွေ..။ရွာတွေကိုလဲကျွန်မရောက်ဖူးပါတယ်..။ဒါပေမဲ့မုံထူးရွာကလေးကို
ကျွန်မအချစ်ဆုံးပါသိပ်ကိုဖြူစင်တဲ့သူတို့ရဲ့မေတ္တာနဲ့..သိပ်ကိုမြတ်နိုးစရာကောင်းတဲ့သူတို့ရဲ့ချစ်ခြင်းတွေကို..ကျွန်မဖြင့်..
ကျွန်မသွားလေရာကိုယူလာချင်လိုက်တာ..။


သူတို့ဆိုထားတဲ့ဟန်ထွန်းသီချင်းလေးကိုအသံဖိုင်ကူးခဲ့တာမို့ကျွန်မမကြာခဏနားထောင်ဖြစ်ပါတယ်..ပြီးတော့သိပ်ကို
ဖြူစင်တဲ့အပြုံးလေးတွေနဲ့..မေတ္တာတွေနဲ့ပြည့်ဝနေတဲ့မျက်လုံးလေးတွေကိုသိပ်ကိုလွမ်းမိပါတော့တယ်..။

Monday, July 19, 2010

ဇော်ဂျီဖြစ်ချင်တယ်

တစ်ရက်မှာကျွန်မလူနာတစ်ယောက်ကိုသွားကြည့်ခဲ့ပါတယ်..။သူ့ရောဂါကိုအမေရိကားမှာရော..ထိုင်ဝမ်မှာပါသွား
ကုသပြီးမှပြန်ရောက်လာတာပါ။လူနာကိုအိမ်မှာပဲထားတာမို့ကျွန်မတို့သူ့အိမ်ကိုရောက်ခဲ့ကြပါတယ်..။လူနာကအ
သက်(၄၀)လောက်ရှိပြီးချစ်စရာဇနီးလေးနဲ့မြတ်နိုးစရာကောင်းတဲ့သားလေးနှစ်ယောက်လဲရှိပါတယ်..။လူနာရဲ့အမေ
ကသူ့သားရောဂါအခြေအနေဆိုးနေတာကိုလူနာရဲ့ဇနီးကိုလုံးဝပြောပြမထားပါဘူးလို့ကျွန်မကိုပြောပြပါတယ်။ကျွန်မ
ကတော့တအံ့တသြနဲ့..အန်တီ..သူ့ဇနီးကိုတော့ပြောပြသင့်ပါတယ်..လို့စိတ်မကောင်းစွာနဲ့ပြောမိပါတယ်..။လူနာ
ရဲ့အမေကသူ့ချွေးမသိသွားလို့ငိုငိုနေရင်..သူ့သားလေးစိတ်ဓာတ်ကျမှာစိတ်ပူမိလို့ခုလိုဖုံးထားရတာပါတဲ့လေ..။
ကျွန်မကတော့သိပ်ချစ်ရတဲ့ယောင်္ကျားတစ်ယောက်လုံးနောက်ဆုံးအချိန်ရောက်နေတာကိုမသိရရှာတဲ့အစ်မကြီးကို
သနားမိပါတယ်..။လူနာရဲ့ရောဂါကအသည်းကင်ဆာပါ.။သူ့နာမည်ကိုကျွန်မကလီကိုးလို့ခေါ်ပါတယ်..။လီဆိုတာ
ကသူ့ရှေ့စာလုံးဖြစ်တာကြောင့်အကိုလီဆိုတဲ့အဓိပ္ပါယ်ရပါတယ်..။
သူ့ဇနီးကတော့ယူနန်မလေးဖြစ်ပြီးကျွန်မကတော့တရုတ်လိုအစ်မပဲခေါ်ပါတယ်..။ဒီလပိုင်းတွေ
မှာလူနာတွေကိုမြင်နေကြမို့ကျွန်မအတွက်လူနာကိုကြည့်ရတာသိပ်ပြီးပြင်းပြင်းထန်ထန်မခံစားရတော့ဘူးလို့တော့
ထင်ထားမိတာပါပဲ..။လီကိုးကပြုံးပြုံးလေးနဲ့ကျွန်မကိုသူ့မေမေအလစ်မှာမေးပါတယ်..။ကျွန်တော်သေရတော့မ
လားတဲ့..။ဒီစကားကိုကြားလိုက်လို့သူ့မျက်နှာကို..အထူးသဖြင့်သူ့မျက်လုံးကိုကျွန်မသေသေချာချာကြည့်မိတော့
ရောဂါကြောင့်ဝါနေတဲ့မျက်လုံးလေးတွေမှာအရိပ်တစ်ခုတွေ့လိုက်ရပါတယ်...။အဲ့ဒီ့အရိပ်ပေါ့..ကျွန်မသိပ်ကြောက်
တဲ့အရိပ်လေးတွေပါ..။ကျွန်မမေမေ မဆုံးခင်မှာလဲအဲ့လိုအရိပ်တွေကိုရင်ထဲမှာနာကျင်စွာတွေ့ခဲ့ရတယ်..။ခုလဲ
ကျွန်မထပ်တွေ့ရပြန်ပါပြီ..။အဲ့ဒီ့အရိပ်ကသိပ်ကိုရှင်သန်ချင်နေသေးတဲ့အရိပ်တွေပါ..။ သူ့မျက်လုံးကဖိတ်ဖိတ်
တောက်နေပြီး..သူ့ကိုယ်သူလဲနေနိုင်ဦးမှာပါလို့မ၀ံ့မရဲနဲ့မျှော်လင့်နေတဲ့အရိပ်ကလေးပါ..။နည်းနည်းတော့အ
ရေးကြီးတယ်..လီကိုးကိုယ့်ကိုကိုယ်ပိုဂရုစိုက်နော်လို့ကျွန်မပြောလိုက်တော့..သူ့မျက်လုံးလေးတွေအရောင်ဖျော့
သွားပါတယ်..ပြီးတော့ကျွန်တော့မိန်းမကိုကျွန်တော့်အခြေအနေမသိစေချင်ပါဘူးလို့တိုးတိုးလေးပြောနေရှာတယ်.။
ဒီ(၂)လပိုင်းကျရင်ကျွန်တော်တို့အိမ်ထောင်သက်(၁၀)နှစ်ပြည့်ပြီ..မမေကိုထမင်းလိုက်ကျွေးချင်သေးတယ်..ကျွန်
တော်နေကောင်းချင်တယ်ဗျာလို့.သူ့မေမေနဲ့ကျွန်မကိုပြောနေပါသေးတယ်..။လီကိုးမေမေပုံစံကပိန်ပိန်သေးသေး
လေးပါ..ဒါပေမဲ့အဲ့ဒီလောက်စိတ်ဓာတ်မာတဲ့အမျိုးသမီးကိုကျွန်မမတွေ့ဖူးသေးပါဘူး..လီကိုးနဲ့တပြိုင်တည်းမှာ
လီကိုးဖေဖေကလဲကင်ဆာဖြစ်နေပါပြီ..စိတ်ပူရပါတယ်...။လင်ယောင်္ကျားနဲ့သားကြားမှာတစ်ချက်မျက်နှာမပျက်
ပါဘူး..ဒါ့အပြင်လီကိုးကလဲသူ့ဖေဖေကင်ဆာဖြစ်နေတာမသိသလို..သူ့ဖေဖေကလဲသူ့သားအခြေအနေသိပ်ဆိုး
နေတာမသိရှာပါဘူး..။လီကိုးမေမေကတော့သူ့သားကိုအပြုံးလေးနဲ့..အေးအေး..နေကောင်းရင်ကျွေးရမှာပေါ့လို့
လေသံအေးအေးလေးနဲ့ပြောနေပါရဲ့..။

လီကိုးမေမေကသူ့သားအကြောင်းကိုကျွန်မကိုပြောပြပါတယ်..။ငယ်ငယ်ကတည်းကသိပ်ဆိုးတာတဲ့..အမြဲရန်ဖြစ်
တတ်ပြီးတကိုယ်လုံးမှာဓားခုတ်ရာတွေတောင်ရှိပါတယ်..ဒါပေမဲ့အဲ့ဒီတုံးကမသေခဲ့ပါဘူး..။အရက်ဆိုရင်တအား
သောက်ပြီးပေပေတေတေနေတဲ့သားမိုက်ဟာ..သူ့ဇနီးဖြစ်လာမဲ့အစ်မနဲ့တရုတ်ကျောင်းမှာသွားတွေ့ခဲ့ပါတယ်။
အစ်မနဲ့တွေ့ပြီးနောက်မှာအရက်ကိုလုံးဝဖြတ်လိုက်သလို..အစ်မကိုစကားမာမာတောင်မပြောပါဘူးတဲ့..။အစ်မ
ဘယ်သွားသွားလိုက်ပို့ပေးတတ်ပြီး..နောက်ဆုံးအကြိမ်ဆေးခန်းပြတဲ့အချိန်ပဲခွဲနေဖူးတာပါတဲ့လေ..။အခုတော့
မိုက်တဲ့ဒဏ်တွေခံရတာပေါ့ကွယ်လို့ငိုပြီးပြောပြရှာပါတယ်..။

အခုတော့..။
လီကိုးသူ့ကိုယ်သူဘယ်လိုပဲပြင်ထားပေမဲ့..သူ့ကိုနောက်ကသူစိတ်ထင်ရာလုပ်ခဲ့တာတွေကလိုက်လာခဲ့ပါတယ်.။
ထိန်းထားတဲ့ကြားကမျက်ရည်တွေတွေကျရင်း..ကျွန်တော့ကြောင့်မိသားစုအားလုံးစိတ်ဆင်းရဲရတယ်ဗျာလို့ပြော
ရှာပါတယ်..။

နောက်ရက်သူတို့အိမ်ကိုကျွန်မရောက်ချိန်မှာ..လီကိုးရဲ့ဇနီးအစ်မကကျွန်မကိုမီးဖိုချောင်ကိုခေါ်သွားပါတယ်..။ပြီး
တော့မှ..အစ်မယောင်္ကျားမရတော့တာအစ်မသိပါတယ်..ဘယ်သူမှမပြောလဲသိပါတယ်ဆိုပြီးသည်းသည်းထန်ထန်
ငိုရှာပါတော့တယ်..။ကျွန်မကတော့အစ်မကိုဖက်ပြီးအားပေးနေမိတယ်...။အစ်မကခရစ်ယာန်ဘာသာဝင်တစ်ဦးပါ။
အစ်မကပြောပါတယ်..အစ်မရဲ့အဘိုးတွေ..အဘွားတွေ..မိသားစုတွေအားလုံးတစ်ယောက်မှမသေသေးဘူး..ပြီး
တော့အစ်မလူသေတာလဲမမြင်ဖူးဘူး..အစ်မငယ်ငယ်လေးရှိသေးတယ်..အစ်မယောင်္ကျားဘာလို့သေရမှာလဲညီမ
ရယ်...ကလေးတွေငယ်သေးတယ်..(၃)နှစ်လောက်နေနိုင်အောင်လုပ်ပေးပါတဲ့..ကျွန်မကိုပြောလာရှာပါတယ်..။
ကျွန်မသိတယ်ဆိုတာကိုကျွန်မယောင်္ကျားလုံးဝမသိပါစေနဲ့နော်..လို့လဲပြောရှာပါတယ်...ကျွန်မအစ်မကိုတစ်ခု
မေးလိုက်မိပါတယ်..လီကိုးအခြေအနေကိုအစ်မဘယ်လိုသိတာလဲလို့..ပေါ့။အစ်မကကျွန်မရင်ကိုနာကျင်စေတဲ့
စကားတစ်ခွန်းဖြေပါတယ်..။သူထိုင်ဝမ်ကပြန်လာတော့ပုံစံပြောင်းနေတာလေ..အစ်မကသူ့ကိုယောင်္ကျားလိုချစ်
ခဲ့တာမဟုတ်ဘူးညီမရဲ့..အစ်မရဲ့သားလေးလိုချစ်ခဲ့တာ..သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေတော့သူဘာဖြစ်
တယ်ဆိုတာအစ်မအလိုလိုသိတာပေါ့တဲ့..။သူ့ယောင်္ကျားကိုသားတစ်ယောက်လိုချစ်တာပါတဲ့..။ဒီစကားလေးကို
ကျွန်မခံစားခဲ့ဖူးတယ်..ဒီလိုချစ်ခြင်းကိုကျွန်မသေသေချာချာသိနေခဲ့ပါတယ်..။ကလေးတွေကလဲအဖေနားမှာတစ်
ယောက်တစ်ပေါက်နဲ့ပျော်နေကြတာကိုမြင်နေရတဲ့ကျွန်မမှာလဲစိတ်မကောင်းကြီးစွာဖြစ်ရပါတယ်..မီးဖိုချောင်က
ထွက်လာတော့အစ်မမျက်နှာလေးကအပြုံးတွေနဲ့ပါ..။ကျွန်မဖြင့်သူတို့မိသားစုကိုကြည့်ပြီးကျွန်မခန္ဓာကိုယ်အစိတ်
အပိုင်းတစ်ခုခုကိုထုတ်ပြီးလှူလိုက်လို့..လီကိုးသက်သာမယ်ဆိုရင်တကယ်ပဲလှုချင်နေမိပါတယ်..။တစ်ယောက်ကို
တစ်ယောက်ဒီလောက်ချစ်ကြပြီးသိပ်ကိုပျော်ရွှင်နေတဲ့မိသားစုလေးပြိုကွဲသွားမှာကျွန်မလုံးဝမကြည့်ရက်နိုင်ပါဘူး.။
ကျွန်မကလဲအင်မတန်သနားတတ်သူဖြစ်လေတော့လီကိုးရဲ့မိသားစုလေးကိုတွေ့ပြီးမျက်ရည်ကျမိတာပါပဲ..လီကိုး
အတွက်သတ်သတ်လွတ်တွေစားပေး၊ပရိတ်တွေရွတ်ပေးနဲ့မျိုးစုံလုပ်ပေးနေတဲ့ကြားကပဲသွေးရူးသွေးတမ်းတွေးမိပါ
တယ်..ငါများဇော်ဂျီဖြစ်ရင်သိပ်ကောင်းမှာပဲလို့ပေါ့..။ဇော်ဂျီတွေကဆေးကုပေးနိုင်တယ်လို့ကျွန်မငယ်ငယ်ကကြား
ဖူးပါရဲ့..။ကင်ဆာဆိုရင်ဇော်ဂျီကုရင်ပျောက်လောက်ပါရဲ့လို့တွေးမိတာပေါ့..။

နောက်တော့လီကိုးကိုဆေးရုံတင်လိုက်ရပါတယ်...။လီကိုးဆုံးတော့ကျွန်မနယ်တစ်နေရာကိုရောက်နေခဲ့ပါတယ်..။
အစ်မဖုန်းနံပါတ်ကိုတွေ့တော့ကျွန်မရင်တွေတအားခုန်ပြီးငိုချင်လိုက်တာ..ဒါပေမဲ့လီကိုးဆုံးပြီး၃လလောက်ကြာမှ
ကျွန်မအစ်မအသံကိုကြားရတာပါ..လီကိုးဆုံးတာကိုပြောပြဖို့တောင်အားမရှိရှာလို့ပါလို့ပြောလာရှာတော့ခမျာမှာ
(၃)လလောက်ကြာအောင်အချိန်ယူရရှာရဲ့ဆိုပြီးငိုမိပြန်တယ်..သနားလိုက်တာလဲပြောမပြတတ်အောင်ပါပဲ..။

အရက်ကိုပျော်ပျော်လေးသောက်..ကွမ်းတွေကိုပျော်ပျော်ကြီးစားနဲ့သိပ်ပျော်နေတဲ့..အကိုတို့..မောင်တို့တွေကို
တစ်ခုတော့ပြောပြချင်ပါတယ်...ကိုယ့်ကြောင့်..ကိုယ့်ကိုချစ်ကြတဲ့..ကိုယ်ကချစ်ကြတဲ့သူတွေကိုနာကျင်အောင်
လုပ်မိသလိုဖြစ်နေမယ်ဆိုတာလေးကိုပါ...။

(ဒီဆောင်းပါးလေးကိုလီကိုးဆုံးပြီး(၃)ကျော်ကျော်လောက်မှာရေးထားခဲ့တာပါ..ဒါပေမဲ့စာရေးတိုင်းစိတ်မကောင်း
ဖြစ်လွန်းလို့ရပ်ရပ်ထားခဲ့မိတယ်...ကျွန်မတောင်အဲ့လောက်စိတ်မကောင်းဖြစ်ရရင်ကျန်ရစ်သူမိသားစုဘယ်လောက်
များနာကျင်ကြေကွဲရမလဲဆိုတာ..ကျွန်မ မတွေးရက်တော့ပါဘူး...စာလေးတွေရေးပြီးချိန်မှာလဲကျွန်မတင်ဖို့ကြာ
နေခဲ့ပါသေးတယ်...သိပ်ချစ်ရတဲ့..သိပ်တန်ဖိုးထားရတဲ့အရာတစ်ခုကိုဆုံးရှုံးဖူးသူတွေမှဒီခံစားချက်ကိုနားလည်နိုင်
မယ်လို့ကျွန်မထင်ပါတယ်...။)